ဆာလံကျမ်း အခန်းကြီး ၁၄၃
၁ အိုထာဝရဘုရား အကျွန်ုပ်၏ပဌာနကိုကြား၍ ဆုတောင်းသောစကားကို နားထော်တော်မူပါ၊၊ သစ္စာစောင့်ခြင်း ဖြောင့်မတ်ခြင်း ရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ၊၊
၂ ကိုယ်တော်၏ကျွန်နှင့် တရားတွေ့ တော်မမူပါနှင့်၊၊ အသက်ရှင်သောသူ မည်သည်ကားရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ၊၊
၃ ရန်သူသည် အကျွန်ုပ်၏ဝိညာဉ်ကို ညှင်းဆဲ၍ အသက်ကိုလည်း မြေတိုင်အောင်နှိမ်နင်း၍ ကြာမြင့်စွာသေနေသော သူကဲ့သို့ အကျွန်ုပ်ကိုမှောင်မိုက်ထဲမှာ နေစေပါ၏၊၊
၎ အကျွန်ုပ်သည် စိတ်ပျက်လျက် ကိုယ်အထဲ၌ နှလုံးကြွေကွဲလျက်နေပါ၏။
၅ ရှေးလွန် လေပြီးသောကာလကို အောက်မေ့၍ အလုံးစုံသော အမှုတော်တို့ကို၎င်း၊ လက်တော်နှင့်ပြုပြင်သော အရာတို့ကို၎င်း ဆင်ခြင်ပါ၏၊၊
၆ ကိုယ်တော်ထံသို့ လက်တို့ကိုဆန့်ပါ၏၊၊ သွေ့ခြောက်သော မြေကဲ့သို့အကျွန်ုပ်၏ ဝိညာဉ်သည်ကိုယ်တော်ကို တောင့်တပါ၏၊၊
၇ အိုထာဝရဘုရား အလျင်အမြန်နားထောင်တော်မူပါ၊၊ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ၊၊ မျက်နှာလွှဲတော်မူသဖြင့် တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကိုဖြစ်စေတော်မမူပါနှင့်၊၊
၈ ကရုဏာ တော် စကားသံကို အလျင်အမြန်ကြားစေတော်မူပါ၊၊ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည့်လမ်းကိုသိစေ တော်မူပါ၊၊ ကိုယ်တော်ကိုအကျွန်ုပ် တသပါ၏၊၊
၉ အိုထာဝရဘုရား ရန်သူ၏လက်မှ အကျွန်ုပ်ကိုကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏၊၊
၁၀ အလိုတော်သို့လိုက်စေမည့် အကြောင်းသွန်သင်တော်မူပါ၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏၊၊ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်တမ်းသောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင် တော်မူပါစေသော၊၊
၁၁ အိုထာဝရဘုရားနာမတော် အတွက်ကြောင့် အကျွန်ုပ်ကို အသက် ရှင်စေတော်မူပါ၊၊ ဖြောင့်မတ် တော်မူသည်နှင့်အညီ အကျွန်ုပ်၏ ဝိညာဉ်ကို ဆင်းရဲဒုက္ခထဲမှ ကယ်နှုတ်တော်မူပါ၊၊ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်၏ရန်သူတို့ကို ပယ်ရှင်း၍ အကျွန်ုပ်ကိုညှင်းဆဲ သော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ၊၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏၊၊