ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁
၁ ယေရုရှလင်မြို့နှင့်အနီး သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ရောက်ကြသောအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊
၂ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူးသော မြည်းကလေးချည်နှောင်လျက်ရှိသည်ကို သင်တို့သည်ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။
၃ သူတပါးက၊ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည်ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော် မူ၏။
၎ တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာချည်ထားသော မြည်းကလေးကိုတွေ့ပြီးလျှင် မြည်းကြိုး ကိုဖြည်ကြ၏။
၅ ထိုအရပ်၌ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့်မြည်းကြိုးကိုဖြည်သနည်း ဟုဆိုလျှင်၊
၆ ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။
၇ ယေရှုထံ တော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြ ပြီးလျှင် ကိုယ်တော် သည်စီးတော်မူ၏။
၈ လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ်၍လမ်း၌ခင်းကြ၏။
၉ ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။
၁၀ ထာဝရ ဘုရား၏ အခွင့်နှင့်ယခု တည်လုသော ငါတို့အဘ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
၁၁ ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော် သို့၎င်းဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီး လျှင်၊ မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ထွက်ကြွတော်မူ၏။
၁၂ နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။
၁၃ အရွက်နှင့် ပြည့်စုံသော သင်္ဘောသဖန်း ပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာတွေ့တော်မူသည်ရှိသော်၊
၁၄ ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် လည်း ကြားကြ၏။
၁၅ ယေရုရှလင်မြို့သို့ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲတော်မူ၍၊
၁၆ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှမဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊
၁၇ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟူ၍ ဆုံးမသြဝါဒ ပေးတော်မူ၏။
၁၈ ကျမ်းပြုဆရာနှင့် ယဇ်ပရောဟိတ်အကြီးတို့သည်ကြားလျှင် ကိုယ်တော်ကိုသတ်ရသောအခွင့် ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အံ့သြမိန်းမောသောကြောင့်၊ ထိုသူ တို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
၁၉ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
၂၀ နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ ခြောက်သွေ့လျက်ရှိသည်ကို မြင်ကြ၏။
၂၁ ပေတရုသည် သတိရလျှင် အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသောသင်္ဘောသဖန်းပင်သည် ခြောက်သွေ့ပါ ပြီတကားဟု လျှောက်လေ၏။
၂၂ ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။
၂၃ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကိုနေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
၂၄ ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကိုရကြလိမ့်မည်။
၂၅ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။
၂၆ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ ဟု မိန့်တော်မူ၏။
၂၇ ယေရုရှလင်မြို့သို့တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊
၂၈ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုရသောအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
၂၉ ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။
၃၀ ယောဟန်၏ ဗတ္တိဇံ တရားသည် ဘုရားကဖြစ်သလော၊ လူကဖြစ်သလော။ ဤအမေးကိုဖြေကြလော့ဟု မိန့်တော်မူ၏။
၃၁ ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကိုအဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ ၃၂ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ ၃၃ အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။