Sunday, March 11, 2018

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂

၁ ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည်ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိ တို့သည် အရှေ့ပြည်ကယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊
၂ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ  ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်း ပြောဆိုကြ၏။
၃ ထိုစကားကိုကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်၊
၎ ယဇ်ပုရောဟိတ်အကြီး တို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကိုအဘယ်အရပ်မှာဘွားမြင် လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏။
၅ ထိုဆရာတို့ကလည်း၊ ပရောဖက်တဦးရေးထား သောအချက်ဟူမူကား၊
၆ အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့်ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအားပြန်ကြားလျှောက် ထားကြ၏။
၇ ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊
၈ သင်တို့သွား၍ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင်ငါ့ထံသို့ ပြန်လာ၍ ငါလည်းထိုသူငယ် ကိုဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟုမှာထားတော်မူလျက်၊ ဗက်လင်မြို့သို့စေလွှတ်လေ၏။
၉ ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသောကြယ်သည် သူတို့ရှေ့ကသွားသဖြင့်၊ သူငယ် တော်ရှိရာအရပ်ပေါ်သို့ရောက်၍တည်လျက်နေ၏။
၁၀ ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊
၁၁ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့် တကွ သူငယ်တော်ကိုတွေ့မြင်လျှင်ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ဘဏ္ဍာ ဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။
၁၂ နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့အခြားသောလမ်းဖြင့် ပြန်သွားကြ၏။
၁၃ ထိုသူတို့သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှါရှာလိမ့်မည် ဟုဆိုလေ၏။
၁၄ ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညဥ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ထွက်သွား၍၊
၁၅ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင်ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား  ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည်ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံ မည်အကြောင်းတည်း။
၁၆ ထိုအခါဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသောကြယ်၏ အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကိုသတ်စေ၏။
၁၇ ပရောဖက်ယေရမိဟောဘူးသည်ကား၊
၁၈ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးမြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိ သောကြောင့် ငို၍စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျ သတည်း။
၁၉ ဟေရုဒ်မင်းကြီးအနိစ္စရောက်သည်နောက်၊ ယောသပ်သည်အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန် သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍၊
၂၀ သင်ထလော့။ မယ်တော်နှင့်သူငယ် တော်ကိုဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှါရှာသော သူတို့သည်သေကြပြီဟုဆိုလေ၏။
၂၁ ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီး လျှင်၊ ဣသရေလတိုင်းသို့သွား၍ရောက် သည်ရှိသော်၊
၂၂ ဟေရုဒ်မင်းကြီး၏အရာ၌သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကိုကြားရလျှင်၊ ထိုပြည်သို့မသွားဝံ့၍ အိပ်မက်၌ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊
၂၃ ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ ဟူသောပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။