Friday, March 9, 2018

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁
၁-၂ ယေရှုခရစ်၏ တမန်တော်ပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော်ဘုရား သခင်၏ အနာဂတံသ ဥာဏ်တော်အတိုင်း ရွေးကောက်တော်မူ သောသူတည်းဟူသော ပုန္တုပြည်၊ ဂလာတ် ပြည်၊ ကပ္ပဒေါကိပြည်၊ အာရိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသောဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။
၃ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၎-၅ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူ သော သင်တို့အဘို့ ကောင်းကင်ဘုံ၌သိုထားလျက်ရှိသော အမွေတည်း။
၆-၇ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်း သောအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့် ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။   
၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။
၁၃ သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသော အခါ၊ သင်တို့ဆီသို့ ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။
၁၄ အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သေ တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊
၁၅ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။
၁၆ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြ လော့ဟု ကျမ်းစာလာသတည်း။
၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော် ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။
၁၈ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ် သောဥစ္စာနှင့် သင်တို့ကိုရွေး တော်မူသည်မဟုတ်။
၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။
၂၀ ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။
၂၁ သင်တို့သည် ဘရားသခင်ကိုထောက်လျက် ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။
၂၂ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။
၂၃ မဖောက်ပြန် မပျက် ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်း အလိုငှါ၊ စိတ်ထဲမှာ သမ္မာတရား ကိုနားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။
၂၄ လူမျိုးရှိသမျှသည် မြက်ပင် ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်းကြွေတတ်၏။
၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။