ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃
၁ ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော့။ ထိုသို့ပြုသော ပြည်သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသောရည်းစားတို့၌ မှီဝဲ၍၊ မှားယွင်းသော်လည်း၊ ငါ့ထံသို့ပြန်လာပါဟု ထာဝရဘုရားမိန့်တော်မူ၏။
၂ မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဘူးသောအရပ်တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့် သကဲ့သို့၊ သင်သည်လမ်းတို့၌ စောင့်နေ၍၊ မတရားသောမေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့်၎င်း ပြည်ကို ညစ်ညူးစေပြီ။
၃ မိုဃ်းခေါင်၍ နောက်မိုဃ်းတိုင်အောင် မရွာသော်လည်း၊ သင်သည်ပြည်တန်ဆာနဖူးရှိ၍ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။
၎ ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ငယ်စဉ် စောင့်မပါပြီဟု ငါ့အားအော်ဟစ်ပါစေသော။
၅ ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော့။ အဆုံးတိုင်အောင် အပြစ်ကိုမှတ်တော်မူမည်လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကိုပြုပါသည်တကား။
၆ ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလအမျိုး ပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှအပေါ်သို့ တတ်၍၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။
၇ သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီမှ၊ ငါ့ထံသို့ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမယုဒသည် ကြည်မြင်လေ၏။
၈ ဖောက်ပြန်သော ဣသရေလသည် မတရားသော မေထုန်ကိုပြု၍၊ မှားယွင်းသောအပြစ်များ ကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကိုအပ်သော်လည်း၊ သစ္စာပျက်သောညီမယုဒသည်လည်း၊ မကြောက်ဘဲသွား၍ ပြည်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
၉ သူသည်မတရားသောမေထုန်ကိုပြု၍ အလွန်လော်လည်သောအားဖြင့် ပြည်ကိုညစ်ညူးစေ၍၊ ကျောက် နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။
၁၀ ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက်သောညီမယုဒသည် ငါ့ထံသို့စိတ်နှလုံး အကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၁ တဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ သစ္စာပျက်သောယုဒသည် ဖောက်ပြန်သော ဣသရေလထက်အပြစ်ကြီး၏။
၁၂ သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော်ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ငါသည် မျက်မုန်းကျိုးခြင်းကို မပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည် မဟုတ်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၃ သင်သည် ငါ့စကားကို နားမထောင်။ သင်၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌ တွေ့သောဧည့်သည်တို့နှင့် မှားယွင်းသောအပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၄ အိုဖောက်ပြန်သောသူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည်သင်တို့ကို ရွံ့ရှာဘူး သော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူတယောက်၊ အမျိုးသားချင်းအစုစုထဲက တစုလျှင် လူနှစ်ယောက် ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
၁၅ ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။
၁၆ ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွါးများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ဟူ၍၊ နောက်တဖန် မပြောမဆိုရ။ ထိုသေတ္တာ ကိုစိတ်မစွဲလန်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၇ ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ထိုပလ္လင်သို့စည်းဝေးကြလိ့မ်။ နောက်တဖန် မိမိတို့၌ ဆိုးသောစိတ်နှလုံးခိုင်မာခြင်းသဘော သို့ လိုက်၍ မကျင့်ရကြ။
၁၈ ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုးနှင့် ပေါင်းဘော်လျက်၊ မြောက်မျက်နှာ အရပ်က တစုတည်းလာ၍၊ သင်တို့ဘိုးဘေးများအမွေခံဘို့ ငါပေးဘူးသော ပြည်သို့ ရောက်ကြလိ့မ်မည်။
၁၉ ငါသည် သင့်ကို သားတို့တွင် အဘယ်သို့ ထားရအံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ အထွဋိ၊ ဘုန်းကြီးသောအမွေခံရာပြည်ကို သင့်အားအဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည်ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။
၂၀ အို ဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ်သင်တို့သည် ငါ၌ သစ္စာပျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
၂၁ ဣသရေလအမျိုးသားတို့သည် မြင့်သောအရပ် တို့၌ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။
၂၂ အိုဖောက်ပြန်သောသူငယ်၊ သင်တို့ပြန်လာကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့လာကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
၂၃ အကယ်စင်စစ်ကုန်းများနှင့် တောင်းရိုးများတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကယ်စင်စစ်အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကိုကယ်တင်ရာအကြောင်း ဖြစ်တော်မူ၏။
၂၄ ရှက်ဘွယ်သောအရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့သိုးနွား၊ သားသမီးများကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ကုန်ပါပြီ။
၂၅ အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။