၁ ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။
၂ အထွေထွေသောအကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကိုခံသောယုဒလူ တို့သည်ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။
၃ သူတို့တွင် အချို့မယုံသော်လည်း။ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲ နေခြင်းအရာသည် ဘုရား သခင်၏ သစ္စာတော်ကိုဖျက်နိုင်သလော။
၎ မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူ ချက်သည်ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း။
၅ ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားတော်ကိုထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရ သနည်း။ ဘုရားသခင်သည်ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကိုပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်းငါဆိုသတည်း။
၆ ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကိုအဘယ်သို့စစ်ကြော စီရင်တော်မူမည်နည်း။
၇ ထိုမှတပါးငါသည် သစ္စာပျက်သောအား ဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကိုတိုးပွါးစေလျှင်၊ ငါ့ကိုအပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊
၈ ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကိုကဲ့ရဲ့လျက်၊ ငါတို့စကားကို ပြန်ပြောသည်အတိုင်းဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကိုခံထိုက်ကြ၏။
၉ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည်မြတ်သလောဟု မေးပြန်သော်၊ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ကပြခဲ့ပြီ။
၁၀ ကျမ်းစာလာသည် ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
၁၁ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ၊
၁၂ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။
၁၃ သူတို့၏ လည်ချောင်းသည်ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာ နှင့်လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိ၏။
၁၄ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကား နှင့်ပြည့်ဝ၏။
၁၅ သူတို့ခြေ သည် လူအသက်ကိုသတ်ခြင်းငှါ လျင်မြန်၏။
၁၆ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။
၁၇ ချမ်းသာလမ်းကိုသူတို့မသိကြ။
၁၈ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည်သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။
၁၉ ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကိုကို ခံသော သူတို့နှင့် စပ်ဆိုင်သည်ကိုငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။
၂၀ ထိုသို့ပညတ်တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။
၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့် အညီ၊ ပညတ်တရား နှင့်မစပ် ဆိုင်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်း ဟူသော၊
၂၂ ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည်ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။
၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။
၂၄ ယေရှုခရစ်ရွေး နှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
၂၅ ဘုရားသခင်သည် သည်းခံတော်မူ၍၊
၂၆ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းငှါင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်စေသောသူတို့၏ အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့်ပြု တော်မူခြင်းငှါ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။
၂၇ သို့ဖြစ်လျှင် ဝါကြွားစရာအကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီ။ အဘယ်တရားအားဖြင့်ပယ်သနည်း။ အကျင့်တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့်ပယ်ပြီ။
၂၈ ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်ဟု ယူရ၏။
၂၉ ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ်တော်မူသည် မဟုတ်လော။ ဟုတ်ပေ၏။
၃၀ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကိုခံသောသူနှင့် မခံသောသူနှစ်ဦးကို ယုံကြည်ခြင်းအား ဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော ဘုရားသခင်တဆူတည်းရှိတော်မူ၏။
၃၁ သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။