၁ ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည် ကိုငါမြင်၏။ သူ၌အနက်ဆုံးသောတွင်း၏ သော့ကိုအပ်ပေးသည်ဖြစ်၍၊
၂ သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်းထဲကတတ်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။၃ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍၊ မြေကင်း မြီးကောက် တန်ခိုးကဲ့သို့သောတန်ခိုးကိုရကြ၏။၎ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည် အကြောင်းသူတို့အားပညတ် ထား၏။၅ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကို ကားသတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံးပြင်းစွာသော ဝေဒနာဖြစ်စေ သောအခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။၆ ထိုနေ့ရက်ကာလ၌လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ အလွန်သေချင် သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။၇ ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဌာန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဌာန်နှင့်တူ၏။ ခေါင်း ပေါ်မှာ ရွှေသရဖူကိုဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။၈ ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်းခြင်္သေ့သွားကဲ့သို့ဖြစ်၏။၉ ရင်အုပ်တန်ဆာသည် သံရင်အုပ် တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ် သော အသံသည် စစ်တိုက်၍ပြေးလာသော မြင်းရထား အများ၏ အသံကဲ့သို့ ဖြစ်၏။၁၀ အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်းဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံးညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။၁၁ သူတို့၏ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသော တွင်းတမန်ဖြစ်၏။၁၂ အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာနှစ်ပါးလာလေဦးမည်။၁၃ ဆဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်း ထဲကထွက်သော အသံကား၊၁၄ ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန် လေးပါးကိုလွှတ်လော့ ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။၁၅ ထိုအခါ လူသုံးစု တစုကိုအသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ပြင်ဆင် သောကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။၁၆ မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။၁၇ ထိုအတူဗျာဒိတ်ရူပါရုံ၌ထင်ရှားသောမြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိသုကျောက်နှင့် ပြီးသောရင်အုပ်တန်ဆာ ရှိသော မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။၁၈ သူတို့၏ ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။၁၉ အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဉ်းဆဲတတ်ကြ၏။၂၀ ထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည်နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း မကိုးကွယ်ဘဲနေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများကိုနောင်တမရဘဲနေကြ၏။၂၁ ကိုယ်ကျင့်သော အကျင့်တည်း ဟူသောလူအသက်ကို သတ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အမှုများကိုလည်နောင်တ မရဘဲနေကြ၏။