ဟဂ္ဂဲအနာဂတ္တိကျမ်း အခန်းကြီး ၂
၁ သတ္တမလ နှစ်ဆယ်တရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ ၍၊
၂ သင်သည် ယုဒမြို့ဝန် ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
၃ ဤအိမ်တော်သည် ရှေးဘုန်းနှင့်ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသောသူကား အဘယ်သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှည်လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော့။
၎ သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ဟု၊ ထာဝရ ဘုရားမိန့်တော်မူ၏။ အိုယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှု၊ အားယူလော့။ အိုပြည်သူပြည်သားအပေါင်း တို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
၅ အဲဂုတ္တုပြည်မှထွက်သွားသောအခါ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်စကားနှင့်အညီ ငါသည်သင်တို့နှင့်အတူရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင်နေရာကျ၏။ မစိုးရိမ်ကြ နှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ကာလမကြာမမြင့်မှီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကိုတဖန် ငါလုပ်ဦးမည်။
၇ လူမျိုးအပေါင်း တို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၈ ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၉ နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌လည်း ငြိမ်သက် ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၀ ဒါယိမင်းကြီးနန်းစံနှစ်နှစ် နဝမလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
၁၁ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားက၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရမည်မှာ၊
၁၂ လူသည် သန့်ရှင်းသောအမဲသားကို မိမိအဝတ်နှင့်ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီအစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည် လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်းဟု ပြန်ပြောကြ၏။
၁၃ ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် အစင်ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျင် ညစ်ညူးခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်လောဟု ပြန်ပြောကြ၏။
၁၄ ဟာဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူဖြစ်ကြ၏။ သူတို့လုပ်ဆောင်သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သောအရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
၁၅ ထာဝရဘုရား၏ ဗိမာန်တော်၌ ကျောက်တခုပေါ်မှာ တခုကိုမတင်မှီ ယနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
၁၆ ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရသော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာရ၏။ စပျစ်ရည်အိုး ငါးဆယ်ကိုယူ ခြင်းငှါ စပျစ်သီးနယ်ရာကျင်းသို့ လာသောအခါ နှစ်ဆယ်ကိုသာရ၏။
၁၇ သင်တို့လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍သေဘေးဖြင့် ငါသည်ဒဏ်ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြ ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၈ ထာဝရဘုရား၏ ဗိမာန်တော် တိုက်မြစ်ကျ၍၊ နဝမလနှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့မြော်ကြည့် ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်းအရာ ဟူမူကား၊
၁၉ စပါးကျီ၌စပါးရှိသ လော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကိုမသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု ငါမိန့်တော်မူ၏။
၂၀ ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့တဖန်ရောက် လာ၍၊
၂၁ သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆိုရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။
၂၂ တိုင်းနိုင်ငံ တို့၏ ရာဇပလ္လင်များကို မှောက်လှန်၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့်ရထားစီး သူရဲ တို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့်မြင်းစီးသူရဲတို့သည် တယောက်ကိုတယောက် ခုတ်၍လှဲကြလိမ့်မည်။
၂၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုရှာလသေလသား၊ ငါ့ကျွန်ဇေရုဗဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့်ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုငါရွေးချယ်ပြီဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်ဟဂ္ဂဲစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။