၁ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဗိုလ်ခြေအပေါင်း အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကို၎င်း ထိုမြို့နှင့် ဆိုင်သမျှသော မြို့ရွာတို့ကို၎င်း၊ တိုက်သော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊
၂ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။
၃ သင်သည် ထိုမင်းလက်နှင့် မလွတ်ရ။ စင်စစ်သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့် တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
၎ သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ထားဖြင့်အသေမခံရ။
၅ ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသောဘိုးတော်ဘေး တော်တို့ အဘို့ပြုဘူးသည်နည်းတူ၊ သင့်အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ သြသခင်ဟူ၍ ငိုကြွေးမြည်းတမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
၆ ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ကို၎င်း၊
၇ ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှမြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်းသော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိသည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။
၈-၉ ယေရုရှလင်မြို့သား အပေါင်းတို့သည် အသီးအသီးစေစားသော ယုဒညီအစ်ကိုချင်း၊ အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီး သည် လွှတ်ခြင်း တရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၏။
၁၀ အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲသားအပေါင်းတို့သည် အသီးအသီးစေစားသော ကျွန်ယောက်ျားမိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ်ရမည်ဟု ကြားသောအခါ၊ နားထောင်၍လွှတ်လိုက်ကြ၏။
၁၁ နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျားမိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြ၏။
၁၂ ထိုကြောင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊
၁၃ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘိုးဘေးများကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောခါ၊
၁၄ သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကိုချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နစ်စေ့လျှင် လွှတ်ရမည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွှတ်သောအခွင့်ကို ပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ဘိုးဘေး များတို့သည် ငါ့စကားကို နားမထောင်၊ နားကိုပိတ်လျက်နေကြ၏။
၁၅ သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်းရှားစွာစီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသောအမှုကို ပြုလျက်၊ ငါ့နာမဖြင့်သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံခြင်း ပဋိညာဉ်ကို ပြုကြသော်လည်း၊
၁၆ တဖန် ပြောင်းလဲ၍ ငါ၏နာမကိုရှုတ်ချလျက်၊ အသီးအသီးရှင်းရှင်းလွတ်ဘူးသော ကျွန်ယောက်ျားမိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံ စေကြပြီတကား။
၁၇ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သင်တို့အဘို့၊ ထားဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သော အခွင့်ကို ထင်းရှားစွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
၁၈ နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ရှောက်သွားလျက်၊ ငါ့ရှေ့မှာ ပြုသောဝန်ခံခြင်း ပဋိညာဉ်စကားအတိုင်း မကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊
၁၉ ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရောဟိတ် အစရှိသော၊ နွားသငယ်ထက်ခြမ်း အလယ် သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊
၂၀ သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သောသူများ လက်သို့၎င်း၊ ငါအပ်မည်။ သူတို့အသေကောင်များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ ဖြစ်ကြလိမ့်မည်။
၂၁ ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော်တို့ကို သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သော သူများလက်သို့၎င်း၊ ယခုလွှဲသွားသော် ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့၎င်း ငါအပ်မည်။
၂၂ ငါသည် အမိန့်တော်ပေး၍ သူတို့ကိုဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍ မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူဆိတ်ညံရာအရပ်ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။