ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၂
၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၂ အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသောမျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။
၃ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။ သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။
၎ နေရာ ပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။
၅ သူတို့မျက်မှောက်၌ အုတ်ရိုးကို တူးဖောက်၌ ဥစ္စာကံများကို ထုတ်သွားလော့။
၆ ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်း၍ ထုတ်ရမည်၊၊ မြေကို မမြင်ရအောင် ဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုး အား နိမိတ်လက္ခဏာာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊
၇ ငါသည် သိမ်းသွင်းခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ ဥစ္စာပရိကံများကို နေ့အချိန်၌ ထုတ်၍၊ ညအချိန်၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖောက်ပြီး ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်တွင် ထမ်းသွား၏။
၈ နံနက်အချိန်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၉ အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလအမျိုးက ၊ သင်သည် အဘယ်သို့ ပြုသနည်းဟု သင့်အားမေးသည်ရှိသော်လည်း၊
၁၀ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်၊ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ ကို အစိုးရသော မင်းမှစ၍ ၊ ထိုမြို့၌ ရှိသော ဣသရေလအမျိုးသား တို့နှင့် ဆိုင်ပေ၏။
၁၁ ငါသည် သင်တို့၏ နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်း ကို ခံရကြလိမ့်မည်။
၁၂ သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ ထမ်း၍ ညဦးယံ အချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွား စရာဘို့ အုတ်ရိုး ကို တူးဖော်ရလိမ့်မည်၊၊ မြေကို မမြင်ရအောင် မျက်နှာကို ဖုံးရလိမ့်မည်။
၁၃ ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည် ဗာဗုလုန်မြို့သို့ ဆောင်သွားမည်၊၊ ထိုမြို့၌ သေရသော်လည်း မြို့ကို မမြင်ရ။
၁၄ သူ့ကိုမစခြင်းငှါ ဝိုင်းသောသူတို့နှင့် တပ်သားအပေါင်းတို့ကို အရပ်ရပ်သို့ဖြန့်ကြဲမည်။ သူတို့နောက်၌လည်း ထားကိုလွှတ်မည်။
၁၅ လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
၁၆ သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်လွှတ်၍၊ ငါကျန်ကြွင်းစေ သောသူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တပါးအမျိုးသားတို့နေရာပြည်တို့၌ ဘော်ပြကြလိမ့်မည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သတို့သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
၁၇ တဖျန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၁၈ အချင်းလူသား၊ တုန်လှုပ်လျက်၊ အစာကိုစားလော့၊၊ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။
၁၉ အရှင်ထာဝရဘုရားသည် ဣသရေလပြည် ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွဝေလျက် ရေကိုသာက်ရကြမည်။ ထိုသို့သောအားဖြင့် ပြည်သူပြည်သား အပေါင်း တို့ပြုသော အဓမ္မအမှုကြောင့် ဣသရေလပြည်သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွှတ်ရလိမ့်မည်၊၊
၂၀ လူနေသော မြို့တို့ သည်လည်း ပျက်စီး၍ တပြည်လုံး ဆိတ်ညံ့လျက်ရှိရလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂၂ အချင်းလူသား ၊ နေ့ရက်ကာလ ရွေ့လျက်ရှိ၍ ခပ်သိမ်းသော ဗျာဒိတ်ရှုပါရုံလည်း ပျက်ပါပြီဟု ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ် သို့နည်း။
၂၃ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ၊ နေ့ရက်အချိန်ကာလနီးပြီ။ ခပ်သိမ်းသောဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟုပြောလော့။
၂၄ နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီးသော ရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ၊
၂၅ ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်း ပုန်ကန်တတ်သော အမျိုး၊ သင်တို့လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်း လည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၆ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂၇ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရှုပါရုံသည် ဝေးသေး၏၊ ဝေးသေးသောကာလကို ရည်မှတ်၍ ဟောတတ်သည် ဟု ပြောဆိုကြ၏။
၂၈ သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏ စကားပြည့်စုံချိန်မရွေ့ရ။ ငါသည် ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။