၁ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊
၂ သင်သည်အဘယ်အရာကိုမြင်သနည်းဟု မေးလျင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံးဆက်သော်၊ ပြွန်တံခုနစ်တံရှိပါ၏။
၃ ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲဘက်၌ တပင်၊ မီးခုံကိုလွမ်းမိုဃ်းသော သံလွင်ပင်နှစ်ပင်ရှိပါသည်ဟု ဆိုပြီမှ၊
၎ ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊
၅ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့က၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလော ဟု မေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
၆ ကောင်းကင်တမန်ကလည်း။ ဇေရုဗဗေလသို့ ရောက်လာ သောထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၇ အိုတောင်ကြီး၊ သင်သည်အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ်ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော်ရှိပါစေ သော။ ကျေးဇူးတော်ရှိပါစေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွဋိကျောက်ကိုတင်ထား ရလိမ့်မည်။
၈ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်ကား၊
၉ ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်။
၁၀ အမှုငယ်ပြုသောနေ့ရက်ကို အဘယ်သူသည် မထိမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလ လက်၌ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့အား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော ထာဝရဘုရား၏ မျက်စီတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။
၁၁ ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ရှိသော ထိုသံလွင်ပင် နှစ်ပင်ကား၊ အဘယ်သို့နည်းဟူ၍င်း၊
၁၂ ဆီညှစ်ရာ ရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကိုသွန်းလောင်းသော ထိုသံလွင် ကိုင်းနှစ်ကိုင်းအား အဘယ်သို့နည်းဟူ၍င်း မေးလျှောက်သော်၊
၁၃ ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကိုနားမလည် သလောဟု မေးလျှင် အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
၁၄ ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသောအရှင်၏ ရှေ့တော်၌ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို၏။