ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၅
၁ မတရားသောမေထုန်သာမညမဟုတ်၊ အဘ၏မယားကိုသိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင်ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။
၂ ထိုသို့ ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည်အကြောင်း၊ စိတ်မသာညည်းတွားခြင်းကိုမပြု၊ မာနထောင်လွှားလျက် နေကြ၏။
၃ ထိုကြောင့် ငါသည် ကိုယ်ခန္ဓွာအားဖြင့် သင်တို့နှင့်ကွာလျက် ရှိသော်လည်း၊ ဝိညာဉ်အားဖြင့်မကွာ၊ ကိုယ်တိုင် သင်တို့နှင့်အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင် ငါစီရင်ပြီ။
၎ စီရင်ချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော် ကိုအမှီပြု၍၊
၅ ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း သူ၏ကိုယ် ခန္ဓွာပျက်ဆီးဘို့ရာ သူ့ကိုစာတန်လက်သို့အပ်နှံကြစေဟု ငါစီရင်၏။
၆ သင်တို့၏ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။
၇ သင်တို့ သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။
၈ ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ်မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။
၉ သင်တို့သည် မတရားသောမေထုန်၌ မှီဝဲသောသူတို့နှင့် မပေါင်းဘော်မည်အကြောင်၊ အထက်သြဝါဒ စာ၌ ငါရေးထားခဲ့ပြီ။
၁၀ ထိုသို့ရေးထားသော်၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက် လုယူခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်းအမှုကို ပြုသောလောကီသားတို့နှင့် အလျင်းမပေါင်းဘော်ရဟု မဆိုလို။ ထိုသို့ ဆိုလျှင်၊ သင်တို့သည် လောကီမှထွက်သွားရကြမည်။
၁၁ ယခုမူကား ညီအစ်ကိုဟုခေါ်ဝေါ်သော သူသည် မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကိုပြုသောသူနှင့် မပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှ မပြုရဟု ငါရေးထား၍ ပညတ်၏။
၁၂ အပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည်အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည်မဟုတ်လော။
၁၃ ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ် ကြလော့။