Saturday, March 10, 2018

ရောမသြဝါဒစာ အခန်းကြီး ၈
၁ ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့်ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။
၂ ယေရှုခရစ်၌တည်၍အသက်ရှင် စေသောဝိညာဉ်တော်၏ တရားသည်အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ် လွှတ်ပြီ။
၃ ဇာတိပကတိကြောင့် ပညတ်တရားသည်အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ၊ အပြစ်နှင့် ပြည့်စုံသောဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။
၎ အကြောင်းမူးကား၊ ဇာတိပကတိ အတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့်ရှောက် မည်အကြောင်းတည်း။
၅ ဇာတိပကတိရှိသောသူတို့ သည် ဇာတိပကတိနှင့်စပ်ဆိုင်သော အရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။
၆ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ်သဘောသည်အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။
၇ အဘယ်ကြောင့် နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည်ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
၈ ထိုကြောင့် ဇာတိပကတိ၌ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။
၉ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိ ဘက် ၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။
၁၀ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
၁၁ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေ တော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ ကိုယ်ကာယကိုပင်ရှင်စေတော်မူမည်။
၁၂ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြ သည်မဟုတ်။
၁၃ သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင်သေရကြမည်။ ဝိညာဉ် တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။
၁၄ ဘုရားသခင်၏ ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူ သမျှ သောသူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
၁၆ ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော် သည် ငါတို့၏ ဝိညာဉ်နှင့် အတူသက်သေခံတော်မူ၏။
၁၇ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ ၏။ခရစ်တော်နှင့်အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့် အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။
၁၈ ငါတို့အားပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။
၁၉ ဤလောကသည် ဘုရားသခင်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တမြော်လင့်လျက်နေ၏။
၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။
၂၁ ဘုရားသခင် သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကိုဝင်စားမည်ဟု မြော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။
၂၂ ဤလောကတနိုင်ငံလုံးသည် ယခုတိုင် အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည် ဟုငါတို့သိကြ၏။
၂၃ ထိုမျှမကဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကိုခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌မြှောက်ခြင်း အကြောင်းတည်း ဟူသောကိုယ် ခန္ဓွာရွေးနှုတ်ခြင်းချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။
၂၄ ငါတို့ သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကိုတွေ့မြင်လျှင် မြော်လင့်စရာအကြောင်းမရှိ၊ တွေ့မြင်သောအရာကို အဘယ်ကြောင့် မြော်လင့်ရမည်နည်း။
၂၅ ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသော စိတ်နှင့်ငံ့လင့်၍နေကြ၏။
၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည် အတိုင်းအဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက် နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
၂၇ စိတ်နှလုံးကိုစစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီစောင့်မတော်မူ၏။
၂၈ ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။
၂၉ ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွေက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။
၃၀ ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏။
၃၁ သို့ဖြစ်၍ဤအရာများ တို့၌အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည်ငါတို့တဘက်၌နေနိုင်မည်နည်း။
၃၂ မိမိသား တော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော် မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါတို့အား မပေးဘဲအဘယ်သို့နေတော်မူမည်နည်း။
၃၃ ဘုရားသခင် ရွေးကောက်တော် မူသော သူတို့ကိုအဘယ်သူသည် အပြစ်တင်မည်းနည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရား သခင်ပေတည်း။
၃၄ အပြစ်စီရင်သော သူကားအဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။
၃၅ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။
၃၆ အကယ်စင်စစ်ကိုယ် တော်အတွက် အကျွန်ုပ်တို့သည်အစဉ်မပြတ် အသေသတ်ခြင်းကိုခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတပါးမှတ်တတ်ကြပါ၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ် အမှုသည်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။
၃၇ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင်အထူးသဖြင့်အောင် မြင်ကြ၏။
၃၈ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏  မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင် ဟု ငါသည်သဘော ကျလျက်ရှိ၏။