ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၈
၁ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည် ကိုငါတို့သိကြ၏။ ဥာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။
၂ အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏၊ ထိုသူသည် သိအပ်သည်အတိုင်းအလျှင်းမသိသေး။
၃ ဘုရားသခင်ကို ချစ်သောသူမည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူဖြစ်၏။
၎ ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီးသက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသောဘုရားသခင် မှတပါး အဘယ်ဘုရားသခင်မှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။
၅ ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သောသူ အများရှိသော်လည်း၊
၆ အကြင်ဘုရားသခင် အထဲက ခပ်သိမ်းသောအရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့ အလိုငှါ ငါတို့သည်ဖြစ်ကြ၏၊ ထိုခမည်းတော်ဘုရား သခင်တပါးတည်းသာ ငါတို့၌ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင် ယေရှုခရစ်တပါးတည်းသာ ငါတို့၌ရှိတော်မူ၏။
၇ သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ။ အချို့သောသူတို့သည် ယခုတိုင်အောင် ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကိုစားသော် ရုပ်တုကိုထောက်သောစိတ်နှင့် စားကြသည် ဖြစ်၍၊ သူတို့၌ ကိုယ်ကိုကိုယ်သိသောစိတ်သည် အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ရောက်တတ်၏။
၈ အစားအသောက်အားဖြင့် ဘုရားသခင့်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။
၉ သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိပြုကြလော့။
၁၀ အကြောင်းမူကား၊ သင်သည်ပိုင်းခြား တတ်သောဥာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာလျောင်းသည်ကို သူတပါးမြင်လျှင်၊ ကိုယ်ကိုကိုယ် သိသောစိတ် အားနည်း သောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်းကို စားခြင်းငှါရဲမည် မဟုတ်လော။
၁၁ ထိုသို့ဖြစ်လျှင် အကြင် ညီအစ်ကိုအဘို့အလိုငှါ ခရစ်တော်သည် အသေခံတော်မူ၏၊ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဥာဏ်ကြောင့် ပျက်ဆီးခြင်းသို့ ရောက်ရပါသည်တကား။
၁၂ သင်တို့သည် ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကိုကိုယ် သိသောအားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ရောက်၏။
၁၃ သို့ဖြစ်၍၊ ငါ၏ အစားအသောက်သည် ငါ့ညီအစ်ကိုကိုမှားယွင်း စေလျှင် ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်း မရှိစေခြင်းငှါ အမဲသားကို အစဉ်မပြတ်ရှောင်မည်။