၁ အာဗြဟံနှင့် ဒါဝိဒ်တို့မှ ဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
၂ အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ညီနောင်တစု။
၃ ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သောသား ဖာရက်နှင့် ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
၎ အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။
၅ စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင် မြင်သောသားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား သြဗက်။ သြဗက်သား ယေရှဲ။ ယေရှဲသားဒါဝိဒ်မင်းကြီးတည်း။
၆ ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသောမိန်းမတွင်မြင်သောသား ရှောလမုန်။
၇ ရှောလမုန် သား ရောဗောင်။ ရောဗောင်သားအဘိယ။ အဘိယသားအာသ။
၈ အာသသားယောရှဖတ်။ ယောရှက်ဖတ် သား ယဟောရံ။ ယဟောရံသားသြဇိ။
၉ သြဇိသားယောသံ။ ယောသံသားအာခတ်။ အာခတ်သားဟေဇကိ။
၁၀ ဟေဇကိ သားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။
၁၁ ယောရှိသားယောယကိမ်။ ယောယကိမ်သည်ဗာဗုလုန် မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ညီနောင်တစုတည်း။
၁၂ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။
၁၃ ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။
၁၄ အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။
၁၅ ဧလုပ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။
၁၆ ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သုမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
၁၇ ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကာ၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့နေရာပြောင်းသည့်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ပြောင်း ပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။
၁၈ ယေရှုခရစ်သည် ဘွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
၁၉ သူ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကိုမပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ် မည်ဟုအကြံရှိ၏။
၂၀ ထိုသို့ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်း ရမည်အခွင့်ကိုမစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။
၂၁ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။
၂၂ ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည်ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံ မည်အကြောင်းတည်း။
၂၃ ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့ ဟုလာသတည်း။ ဧမာနွေလအနက် ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။
၂၄ ယောသပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကိုထိန်းသိမ်းလေ၏။ ၂၅၊ သို့သော်လည်း၊ သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသော အမည်ဖြင့် မှည့်လေ၏။