Monday, March 12, 2018

ဟဂ္ဂဲအနာဂတ္တိကျမ်း အခန်းကြီး ၁
၁ ဒါရိမင်းကြီးနန်စံနှစ်နှစ်၊ ဆဌမလ တရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုဆီသို့ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊
၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား ၏အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေးဟု ဤလူများပြောဆိုကြသည်မှာ၊
၃ ပရောဖက်ဟဂ္ဂဲအား ဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊
၎ အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့်ပြည့်စုံ သောအိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက်နေရမည်လော။
၅ ယခုမှာ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်ကြလော့။
၆ သင်တို့သည် များစွာသော မျိုးစေ့ ကိုကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာမသောက် ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာမဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သိုထားရ၏။
၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အကျင့်ကို ဆင်ခြင်ကြလော့။
၈ တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည်လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
၉ သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာ ခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
၁၀ ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင့်မကျရ။ မြေသည်လည်း အသီးအနှံကိုမပေးရ။
၁၁ မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌ ၎င်း၊ မြေထဲကထွက်သမျှအပေါ်၌၎င်း၊ လူသတ္တဝါ တိရစ္ဆာန်အပေါင်းတို့၌၎င်း၊ လုပ်ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းအမှုကို ငါမှာလိုက်လေပြီဟု မိန့်တော်မူ၏။
၁၂ ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူအပေါင်းသည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ မိမိတို့ဘုရားသခင် ထာဝရဘုရား စေခိုင်းတော်မူသောပရောဖက် ဟဂ္ဂဲစကားကို၎င်း နားထောင်သဖြင့်၊ ထာဝရဘုရား ရှေ့တော်၌ ကြောက်ရွံ့ကြ၏။
၁၃ ထိုအခါ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ထာဝရဘုရား၏ တမန် ဟဂ္ဂဲက၊ ငါသည် သင်တို့နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
၁၄ ထာဝရဘုရားသည် လည်း၊ ယုဒမြို့ဝန်နှင့် ရှာလလေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူ အပေါင်းတို့ကို နှိုးဆော်တော်မူသောအားဖြင့်၊
၁၅ ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဋ္ဌမလနှစ်ဆယ်လေး ရက်နေ့တွင်၊ သူတို့သည်လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ အိမ်တော်၌ အလုပ် လုပ်ကြ၏။