Sunday, March 11, 2018

ရှင်လုကာခရစ်ဝင် အခန်းကြီး ၎
၁ ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ပို့ဆောင်တော်မူ၏။
၂ အရက်လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံးအစာအာဟာရကိုသုံးဆောင်တော်မမူ။ ထိုကာလ လွန်ပြီးမှ မွတ်သိပ် တော်မူ၏။
၃ မာရ်နတ်က လည်း၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
၎ ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာ သည်ဟု ပြန်ပြောတော်မူ၏။
၅ တဖန် မာရ်နတ်သည် ယေရှုကိုမြင့်လှသောတော်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင်ပြညွှန်၍၊
၆ ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည်ပေး လိုသောသူ အားပေးရသည်ဖြစ်၍ကိုယ်တော်အားပေးပါမည်။
၇ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက်လေ၏။
၈ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏။
၉ တဖန်မာရ်နတ်သည် ယေရှုကိုယေရုရှလင်မြို့သို့ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋ်၌တင်ထား ပြီးလျှင်၊
၁၀ ကျမ်းစာလာသည်ကား၊ သင့်ကိုစောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည် ဖြစ်၍၊
၁၁ သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့် မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထိုကြောင့်ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋိမှ ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါ ဟုလျှောက်လေ၏။
၁၂ ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာကားရှိသည်ဟု ပြန်ပြောတော်မူ၏။
၁၃ ထိုသို့ မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကိုအကုန်အစင် ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာနေလေ၏။
၁၄ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သိတင်းတော်သည် ပတ်ဝန်း ကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏၊ တရားစရပ်တို့၌ ဆုံးမသြဝါဒပေးတော်မူ၍၊
၁၅ လူအပေါင်း တို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။
၁၆ ကြီးပွါးတော်မူရာနာဇရက်မြို့သို့ပြန်ရောက်လျှင်၊ ထုံးစံတော်ရှိသည် အတိုင်း ဥပုသ်နေ့၌တရားစရပ် သို့ဝင်၍ ကျမ်းစာကိုဘတ်ရွတ်ခြင်းငှါထတော်မူ၏။
၁၇ စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည် ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊
၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။
၁၉ အကြောင်းမူကား၊ ဆင်းရဲသား တို့အားဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်း ငှါငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း ကိုပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီး ဟုလာတည်း။
၂၀ ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှထိုင်တော်မူ၏။ စရပ်၍ရှိသောသူအပေါင်းတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။
၂၁ ယေရှုကလည်း၊ ယနေ့ပင်ဤကျမ်းစာ ချက်သည်သင်တို့ကြားသည် အတိုင်းပြည့်စုံလေပြီ ဟုမိန့်တော်မူ၏။
၂၂ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ် သောနှုတ်ထွက် စကားကို အံ့သြချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်ထုံလော ဟုဆိုကြ၏။
၂၃ ယေရှုကလည်း၊ အကယ်၍သင်တို့သည်ပုံပမာကို ဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကိုငြိမ်းစေလော့။ ငါတို့သည် သိတင်းကြားသည်အတိုင်း၊ သင်သည်ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌ လည်းပြုပါဟူ၍ ငါ့အားပြောဆိုကြ လိမ့်မည်။ သို့သော်လည်း ငါအမှန်ဆိုသည်ကား၊
၂၄ အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌မျက်နှာမရတတ်။
၂၅ ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက်ဧလိယလက်ထက်၌ သုံးနှစ်နှင့်ခြောက် လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတရှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်းရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သောမုတ်ဆိုးမ အများရှိကြ၏။
၂၆ သို့သော်လည်းထိုမုတ်ဆိုးမ တယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့စေ လွှတ်တော် မူ၏။
၂၇ ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း ဣသရေလအမျိုး၌ နူနာစွဲသော သူအများရှိကြ၏။ သို့သော်လည်းနေမန်အမည်ရှိသော ရှုရိလူမှတပါးအဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။
၂၈ တရားစရပ်၌ ရှိသောလူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက်သည်နှင့်၊
၂၉ ထ၍ ကိုယ်တော်ကိုပြင်သို့ထုတ်နှင်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောက်ထိုးတွန်းချခြင်းငှါ ဆောင်သွားကြ၏။
၃၀ ကိုယ်တော်သည် သူတို့အလယ်၌ ရှောက်၍ ကြွသွားတော်မူ၏။
၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမသြဝါဒပေးတော်မူ၏။
၃၂ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကို အလွန်အံ့သြကြ၏။
၃၃ ထိုတရားစရပ်၌ ညစ်ညူးသောနတ်ဆိုးစွဲသော သူတယောက်ရှိ၍၊
၃၄ သြော်နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်  အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသော အသံနှင့် ဟစ်ကြော်လေ၏။
၃၅ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူများအလယ်၌ လဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
၃၆ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့်မှာထား၍ သူတို့သည် ထွက်သွားကြ သည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။
၃၇ သိတင်းတော်သည်လည်း ပတ်ဝန်းကျင် အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။
၃၈ တရားစရပ်မှထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသောဖျားနာ စွဲသည်ဖြစ်၍ သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။
၃၉ ကိုယ်တော်သည် ထိုမိန်းမ၏အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည်အဖျားပျောက်သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
၄၀ နေဝင်သောအခါ အမျိုးမျိုးသောအနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာ တို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်တော်ကိုတင်သဖြင့် အနာရောဂါကိုငြိမ်းစေတော်မူ၏။
၄၁ နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှထွက်သွား ကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့်၊ စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။
၄၂ မိုဃ်းလင်းသောအခါ တောအရပ်သို့ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကိုရှာကြ၏။ အထံတော်သို့ရောက်လျှင် မိမိတို့နေရာမှ ထွက်ကြွတော်မမူမည်အကြောင်း ဆီးတားကြ၏။
၄၃ ကိုယ်တော် ကလည်း ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟော ပြောရမည်။
၄၄ ထိုသို့ အလိုငှါ ငါ့ကိုစေလွှတ်လျက်ရှိသည်ဟု မိန့်တော်မူ၍ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။