ယောနဝတ္ထု အခန်းကြီး ၃
၁ နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယောနသို့ရောက်လာသည်ကား၊
၂ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။
၃ ထိုအခါ ထာဝရဘုရား ၏အမိန့်တော်အတိုင်း ယောနသည်ထ၍ နိနေဝေမြို့သို့သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ဖြစ်သတည်း။
၎ ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။
၅ နိနေဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင် ရာ အချိန်ကိုကြော်ငြာ၍ လျော်တေအဝတ်ကို ဝတ်ကြ၏။
၆ နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီးမှ၊ လျော်တေအဝတ်ကိုဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
၇ လူသတ္တဝါ တိရစ္ဆာန် သိုးနွားတို့သည် အလျှင်းမမြည်စေနှင့်။ အစာကို မစား၊ ရေကိုမသောက်စေနှင့်။
၈ လူသတ္တဝါတိရစ္ဆာန် တို့သည် လျော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။
၉ ငါတို့သည် ပျက်ဆီးခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော် မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်း ကြားပြော၍ ကြော်ငြာစေတော်မူ၏။
၁၀ မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကိုလွှဲရှောင်၍၊ ကျင့်သော အကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကိုမပေးဘဲ နေတော်မူ၏။