၁ ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။
၂ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင်ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သော အိမ်ကို ဖြည့်လေ၏။
၃ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည်နေကြ၏။
၎ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မည်သည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။
၅ ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက တရားကိုရိုသေသော ယုဒလူ တို့သည် ယေရှုရှလင်မြို့၌ တည်းနေကြသတည်း။
၆ ထိုအသံကိုကြားရသောအခါ၊ လူများတို့သည် စုဝေးလာ ကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ဘာသာစကားဖြင့် တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍မှိုင်တွေလျက် ရှိနေကြ၏။
၇ ထိုလူအပေါင်းတို့သည် အံ့သြမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြော သောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။
၈ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွား ရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။
၉ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
၁၀ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည် ၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊
၁၁ ကရေတေပြည်သား၊ အရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
၁၂ ထိုလူအပေါင်းတို့သည် မိန်းမောတွေးတောသော စိတ်ရှိသည်နှင့်၊ ဤအမှုအရာသည် အဘယ်သို့သောအမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
၁၃ လူအချို့တို့က၊ ဤသူတို့သည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
၁၄ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည် ထလျှက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့်ဟောပြောသည်ကား၊ ယေရှုရှလင်မြို့သားနှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာ ကိုသိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။
၁၅ ယခုအချိန်ကား နံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင် ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။
၁၆ ဤအရာကား ပရောဖက် ယောလ ဟောဘူးသောအရာဖြစ်သတည်း။
၁၇ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ကြရလိမ့်မည်။ အသက်ကြီးသောသူတို့ သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ကြရလိမ့်မည်။
၁၈ ထိုကာလ၌လည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
၁၉ အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ် မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။
၂၀ ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်