Friday, March 9, 2018

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၅
၁ တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင် တမန်ခုနစ်ပါးတည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
၂ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကိုသီ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍ အံ့သြဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၎ အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း၊ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
၅ ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာတဲတော်ရှိသော ဗိမာန်တော် ကိုဖွင့်ထားပြီ။
၆ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် စင်ကြယ်ပြောင် လက်သော ပိုက်ဆန် အဝတ်ကိုဝတ်လျက်၊ ရင်၌ရွှေရင်စည်းကိုစည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။
၇ သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော် နှင့်ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။

၈ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်တမန်ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော် ထဲသို့ အဘယ်သူမျှမဝင်နိုင်။