မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၎
၁ မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂ ငါ၏ နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော် မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်သကဲ့သို့ ခုန်ကြလိမ့်မည်။ ထိုသို့ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ခြေဘဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၃ ဣသရေလအမျိုးသား အပေါင်းတို့အဘို့ ဟောရပ်အရပ်၌ ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏ တရားတည်း ဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ကြလော့။
၎ ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဘွယ် သောနေ့ရက်ကြီးမရောက်မှီ၊ ပရောဖက် ဧလိယကို သင်တို့ရှိရာသို့ငါစေလွှတ်မည်။
၅ ငါသည် လာ၍သင်တို့၏ ပြည်ကိုကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့် သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီ၏။