Saturday, March 10, 2018

တမန်တော်ဝတ္ထု အခန်းကြီး ၂၅
၁ ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။
၂ ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူအကြီးအကဲတို့သည်၊
၃ ပေါလုကိုသတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟု အကြံရှိသည်နှင့် ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကိုယေရုရှလင်မြို့သို စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။
၎ ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ် ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါကိုယ်တိုင်သွားမည်။
၅ သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
၆ ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့သွား၍၊ နက်ဖြန်နေ့၌ တရားလ္လင်ပေါ်မှာထိုင်လျက်၊ ပေါလုကို ခေါ်ချေဟုအမိန့်ရှိ၏။
၇ ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည် ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌ တင်ကြ၏။
၈ ပေါလုကလည်း၊ အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကို ပြောလေ၏။
၉ သို့သော်လည်း ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသောစိတ်ရှိလျက် ပေါလုအားမေး၏။
၁၀ ပေါလုကလည်း၊ ကဲသာဘုရင်၏ တရား ပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်လိုပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိ တော်မူသည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။
၁၁ အကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သော အပြစ်တစုံတခုမျှ မမှန်လျှင် သူတို့လက် သို့ အကျွန်ုပ်ကို အဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
၁၂ ထိုအခါ ဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့်တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူကို ခံပါမည်ဟု ဆိုသလော။ ကဲသာဘုရင်ထံတော် သို့ သွားရမည်ဟုဆို၏။
၁၃ ထိုနောက် များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိခင်ပွန်း ဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကို နှုတ်ဆက်ခြင်းငှါ ကဲသိရိမြို့သို့ ရောက်လာ၏။
၁၄ အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။
၁၅ ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိ သောအခါ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက်စီရင်ပါဟု တောင်းပန်ကြလျှင်၊
၁၆ ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကိုခံသောသူသည် အပြစ်တင်သောသူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကို ဖြေရသောအခွင့်မရှိမီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမထုံးစံရှိကြောင်းကို ပြောဆို၏။
၁၇ ထိုသူတို့သည် ဤမြို့သို့ရောက်လာ သောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာထိုင်၍ ထိုသူကိုခေါ်စေ၏။
၁၈ သူ့ကို အမှုလုပ်သောသူတို့သည် လာကြလျှင်၊ အကျွန်ုပ်ထက်က ထင်မှတ်သောအပြစ် တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်င်း၊ ယေရုအမည်ရှိသော၊
၁၉ သေပြီးသောသူတယောက်နှင့်၎င်း ယှဉ်သောပုစ္စာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။
၂၀ ထိုပုစ္စာ အမေးကို အကျွန်ုပ်သည်မကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည် ယေရုရှလင်မြို့သို့သွား၍ ဤအမှု စီရင်ခြင်းကို ခံမည်လောဟု မေးလျှင်၊
၂၁ ပေါလုသည် ဘုန်းကြီးတော်မူသောဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကို ကဲသာဘုရင်ထံတော်သို့ မစေလွှတ်မည်တိုင်အောင် ချုပ်ထားစေခြင်းငှါ အကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
၂၂ အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို အကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့ဟု ဆို၏။
၂၃ နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသောဂုဏ်အသရေကိုဆောင်လျက် စစ်သူ ကြီးတို့မှစ၍ ထိုမြို့၌ ထင်ရှားသောသူများတို့နှင့်တကွ အိမ်တော်ဦးသို့ဝင်ကြလျှင် ဖေတ္တုမင်းသည် ပေါလုကို ဆောင်ခဲ့စေ၏။
၂၄ ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူအပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း၊ ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို အကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။
၂၅ သူသည် သေထိုက်သောအပြစ် မပြုကြောင်းကို အကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံ တော်သို့စေလွှတ်ခြင်းငှါ အကျွန်ုပ်စီရင်၏။
၂၆ သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကိုစစ်ကြောပြီးမှ အကျွန်ုပ်ရေး၍ ပေးလိုက်စရာ အကြောင်းရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ် တော်ရှေ့၌င်း၊ သူ့ကို အကျွန်ုပ်ထုတ်၍ပြ၏။
၂၇ အကြောင်းမူကား အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ် မည်ထင်ပါသည်ဟု ဆို၏။