Saturday, March 17, 2018

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၂၅
 ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည်မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
 ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့အား၊ ယေရမိဆင့်ဆို ဟောပြောရ သည်ကား၊
 ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံး နှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကိုအထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည်နားမထောင်ဘဲနေကြ၏။
 ထာဝရဘုရား သည်လည်း၊ စောစောထ၍ မိမိကျွန်ပရောဖက် အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်တော်မူ သော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကိုမလှည့်ဘဲနေကြ၏။
 ထိုပရောဖက်တို့က၊ သင်တို့အသီးအသီးလိုက်သော လမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော်မူသော ပြည်၌နေကြလော့။
 အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သောအရာများအားဖြင့်၊ ငါ၏ အမျက်ကိုမထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကိုမညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
 ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုသို့ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်းဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကိုထွက်စေသော အခွင့်ရှိမည်အကြောင်း ငါ့စကား ကို နားမထောင်ဘဲနေကြပြီ။
 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
 ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင်၌ ရှိသော လူအမျိုးမျိုး တို့ကို၎င်း၊ စစ်တိုက်စေခြင်းငှါ၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့သြဘွယ်ရာ၊ ကဲ့ရဲ့သံကို ကြားရာ၊ အစဉ်အမြဲလူဆိတ်ညံရာဖြစ်စေမည်။
၁၀ ဤသူတို့တွင် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏ အသံ၊ သတို့သမီး၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ်ပျောက်စေမည်။
၁၁ ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့သြဘွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ် ပတ်လုံးဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင်ရွက်ရကြလိမ့်မည်။
၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်ခုနစ် ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကိုအစဉ်အမြဲ လူဆိတ်ညံရာအရပ်ဖြစ်စေမည်။
၁၃ ငါခြိမ်းသောစကားများတည်းဟူသော ယေရမိသည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲတိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
၁၄ များစွာသောလူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ကျင့်သောအကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
၁၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ ခံယူလော့။ ငါသည် သင့်ကိုစေလွှတ်သော လူမျိုးအပေါင်းတို့ကို သောက်စေလော့။
၁၆ သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည်သောက်၍ ယဇ်မူးတိမ်းယိမ်းခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါ့အားမိန့်တော်မူသည် အတိုင်း၊
၁၇ ငါသည်ထာဝရဘုရား၏ လက်တော်မှ ထိုဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
၁၈ ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့သြဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
၁၉ အဲဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင် အစရှိသော သူ၏ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသားရှိသမျှ၊
၂၀ ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
၂၁ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊
၂၂ တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ်တဘက်၌ အစိုးရသော မင်းအများ၊
၂၃ ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊
၂၄ အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ်သော လူများကိုအစိုးရသော မင်းအပေါင်း၊
၂၅ ဇိမရိမင်း အပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်းအပေါင်း၊
၂၆ တပါးနှင့် တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့် မြေကြီးတပြင်လုံး၌ရှိသမျှသော လောကီနိုင်ငံအပေါင်း ပါကြသတည်း။ နောက်ဆုံး၌ရှေရှက်ရှင်ဘုရင်သောက်ရမည်။
၂၇ သင်တို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သောက်၍ယဇ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြအရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အားဆင့်ဆိုလော့။
၂၈ သူတို့သည် သောက်ခြင်းငှါ၊ ထိုဖလားကို သင်၏လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ် သောက်ရကြမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သင်တို့အားပြန်ပြောလော့။
၂၉ အကြောင်းမူကား၊ ငါ၏နာမဖြင့်သမုတ်သော မြို့ကို ငါသည်အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ်အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲမနေရကြ။ ငါသည်မြေကြီးသား ရှိသမျှတို့အဘို့ ထားကိုမှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၃၀ ထိုကြောင့်၊ သင်သည်ပရောဖက်ပြုလျက် သူတို့အား ဟောပြောရသော စကားများဟူမူကား၊ ထာဝရဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်အသံကို လွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာ အရပ်ဌာနတဘက်၌ ပြင်းစွာကြွေးကြော်တော်မူမည်။ စပျစ်သီးကိုနင်းနယ်သော သူများအော်ဟစ်သကဲ့သို့၊ မြေကြီးသားများတဘက်၌ အော်ဟစ်တော်မူမည်။
၃၁ မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည်  လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ထားနှင့် ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၃၂ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးသည်တပြည်မှတပြည်သို့ ကူးသွား လိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည်။
၃၃ ထိုအခါ ထာဝရဘုရား ကွပ်မျက် တော်မူခြင်းကို ရသောသူတို့သည် မြေကြီးတဘက်မှ တဘက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကိုမမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။
၃၄ အိုသိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အိုသိုးကြီးသိုးမြတ်တို့ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကိုသတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့် သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။
၃၅ သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည် လွတ်ရာလမ်းကိုရှာ၍ မတွေ့ရကြ။
၃၆ သိုးထိန်းများငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များမြည်သံကို ကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။
၃၇ ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာနေရာအရပ် တို့သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။
၃၈ ခြသေ့င်္ဘာသာ ဓလေ့၊ နေတော်မူရာခြုံကို စွန့်တော်မူပြီ။ ညှဉ်းဆဲသောသူ၏ ပြင်းထန်းခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ပြည်သည် လူဆိတ်ညံရာအရပ်ဖြစ်ရ၏။