အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၁
၁ ယုဒရှင်ဘုရင် သြဇိမင်း၊ ဣသရေလရှင်ဘုရင် ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီးမလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသား အာမုတ်သည် ဣသရေလပြည် အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
၂ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲအသံကို လွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညိ‡ုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
၃ ထာဝရဘုရား မိန့်တော်မူသည်ား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာသံယန္တရား စက်တို့နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့်ငါသည် ဒဏ်မပေးဘဲမနေ။
၎ ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
၅ ဒမာသက်မြို့ တံခါးကန့်လန်ကျင်ကို ချိုးမည်။ အာဝင်ချိုင့်သားတို့ကိုင်း ဗေသေဒင်မင်းပြုသောသူတို့ကိုင်း ပယ်ဖျက်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၆ တဖန်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုန်မင်း၌အပ်ခြင်း ငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့်ငါသည် ဒဏ်မပေးဘဲမနေ။
၇ ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကိုလောင်စေမည်။
၈ အာဇုတ်မြို့သားတို့ကိုင်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကိုင်း ပယ်ဖျက်မည်။ ဧကြုန်မြို့ကိုလည်းတိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၉ တဖန်ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိဿဟာယကို မစောင့်၊ ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲ မနေ။
၁၀ တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
၁၁ တဖန်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကို ချုပ်တည်း၍၊ ညီအစ်ကိုကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့်အစဉ်အမြဲ ဆွဲဖြတ်သ၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
၁၂ တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍ ဗောဇရမြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။
၁၃ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူ မိန်းမတို့၏ဝမ်းကို ခွဲသောအပြစ်သုံးပါမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
၁၄ ရဗ္ဗါမြို့ရိုးကိုမီးရှို့၍ ဘုံဗိမာန်တို့ကိုလောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက်မုန်တိုင်း ရောက်သောနေ့၌ လွင့်သွားခြင်းရှိလိမ့်မည်။
၁၅ သူတို့ရှင်ဘုရင်ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော် များတို့သည် သိမ်းသွားခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။