Sunday, March 11, 2018

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၃
၁ ထိုအခါမင်းအရာရှိ အပေါင်းတို့သည် ထ၍ကိုယ်တော်ကိုပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊
၂ ဤသူသည် ပြည်သူပြည်သားများကိုလှည့်ဖြား၍၊ မိမိသည်ခရစ်တော်တည်း ဟူသောရှင်ဘုရင်ဖြစ်ကြောင်း ကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကိုအကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။
၃ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
၎ ပိလတ်မင်းက၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟုယဇ်ပုရောဟိတ်အကြီး တို့နှင့် လူအပေါင်းတို့အားပြောဆိုလျှင်၊
၅ ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမသြဝါဒပေး၍ လူများကိုနှိုး ဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။
၆ ပိလတ်မင်းသည်ဂါလိလဲဟူ သောစကားကိုကြားလျှင်၊ ထိုသူသည်ဂါလိလဲလူဖြစ်သလော ဟုမေးမြန်း၍၊
၇ ဟေရုဒ်မင်းပိုင်သောသူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ပို့စေ၏။ ထိုအခါဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
၈ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်းတော်များ ကိုကြား၍ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစုံတခုကိုမြင် ရမည်ဟု မြော်လင့်လျက်နေ၏။
၉ ထိုအခါဟေရုဒ်မင်း သည်ကိုယ်တော်ကို များစွာ မေးမြန်းသော်လည်း အဘယ်စကား ကိုမျှပြန်တော်မမူ။
၁၀ ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာ တို့သည် ထ၍ပြင်းထန်စွာ အပြစ်တင်ကြ၏။
၁၁ ဟေရုဒ်မင်းသည်စစ်သူရဲ တို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲပြက်ယယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ပို့ပြန်စေ၏။
၁၂ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်ကရန်ဘက်ဖြစ်ကြသတည်း။
၁၃ တဖန်ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊
၁၄ ပြည်သူပြည် သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကိုသင်တို့သည် ငါ့ထံသို့ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြော သော်လည်း၊ သင်တို့တင်သော အပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။
၁၅ ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ငါပို့ စေပြီ။ ဤသူသည် အသေသတ်ခြင်းကိုခံထိုက်သောအမှုတစုံတခု ကိုမျှမပြု။
၁၆ ထိုကြောင့်သူ့ကိုငါဆုံးမ၍လွှတ် မည်ဟုဆိုလေ၏။
၁၇ ထိုပွဲ၌လူများတို့အားတစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
၁၈ လူအပေါင်းတို့က၊ ထိုသူကိုထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကိုလွှတ်ပါ လော့ဟု တညီတညွတ်တည်းဟစ်ကြော်ကြ၏။
၁၉ ထိုဗာရဗ္ဗကား၊ မြို့၌ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့်ထောင်ထဲ၌ လှောင်ထားသောသူဖြစ်သတည်း။
၂၀ ပိလတ်မင်းသည် ယေရှုကိုလွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။
၂၁ သူတို့က လည်း၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။
၂၂ ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ် ကိုပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ငါမတွေ့။ ထိုကြောင့်သူ့ကို ငါဆုံးမ၍လွှတ်မည်ဟု  သုံးကြိမ်မြောက် အောင်ဆိုလျှင်၊
၂၃ လူများတို့သည် ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသော အသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ် အကြီးတို့၏ အသံသည် နိုင်လေ၏။
၂၄ ပိလတ်မင်းသည် လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်း ငှါစီရင်၍၊
၂၅ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်း အပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကိုသူတို့အလိုသို့အပ်လိုက် လေ၏။
၂၆ ကိုယ်တော်ကိုထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာ မှ လာသည်ကိုသူ့တို့သည် တွေ့လျှင်၊ ဘမ်းဆီး၍ယေရှုနောက်တော်၌လက်ဝါးကပ်တိုင်တော်ကို ထမ်းစေ ကြ၏။
၂၇ နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့်ငိုကြွေးမြည်းတမ်းသောမိန်းမ အချို့ပါ၏။
၂၈ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါကြောင့်မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများ ကြောင့်ငိုကြွေးကြလော့။
၂၉ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓ မယူဘူးသော ဝမ်းနှင့်သူငယ် မစို့ဘူးသောသားမြတ်သည် မင်္ဂလာရှိ၏ ဟု ပြောရသော နေ့ရက်ကာလရောက်လိမ့်မည်။
၃၀ ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကိုဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။
၃၁ အကြောင်းမူကား၊ စိမ်းသောအပင်ကိုဤ သို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။
၃၂ ထိုအခါကိုယ်တော်နှင့် အတူလူဆိုးနှစ်ယောက်တို့ကို လည်းသတ်အံ့သောငှါ ထုတ်သွားကြ၏။
၃၃ ကရာနိအမည်ရှိသော အရပ်သို့ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွထိုလူဆိုးတို့ကို လက်ျာ တော်ဘက် ၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။
၃၄ ယေရှုက လည်း၊ အိုအဘ၊ သူ့တို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကိုမသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကို လည်းစာရေးတံချ၍ ဝေဖန်ကြ၏။
၃၅ လူများတို့သည်လည်းကြည့်ရှု လျက်ရပ်နေကြ၏။ ထိုသူတို့နှင့် အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတပါးတို့ကိုကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသောဘုရားသခင် ရွေးချယ်တော်မူသောသူ မှန်လျှင်ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။
၃၆ စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကိုကပ်ပေးလျက်၊
၃၇ သင်သည် ယုဒရှင်ဘုရင် မှန်လျှင်ကိုယ်ကို ကယ်တင်လော့ ဟူ၍ ပြက်ယယ်ပြုလျှက်ဆိုကြ၏။
၃၈ ခေါင်းတော်ပေါ်မှာ တပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေး၍ခေါင်းတော်ပေါ်မှာ တပ်သတည်း။
၃၉ ဆွဲထားသောလူဆိုးနှစ်ယောက်တွင်တယောက်က၊ သင်သည်ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။
၄၀ တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည်ဤသူနည်း တူအပြစ်ဒဏ်ခံလျက်ပင်ဘုရားသခင်ကို မကြောက်သလော။
၄၁ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့် အလျောက်ခံရ သည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကားအဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊
၄၂ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု ယေရှုကိုလျှောက်ဆို၏။
၄၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။
၄၄ ထိုအချိန်သည် မွန်းတည့် အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက် အတိဖြစ်လေ၏။
၄၅ နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည်နှစ်ဖြာ ကွဲလေ၏။
၄၆ ယေရှုသည်လည်းကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ် အပ်ပါ၏ ဟု မိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။
၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟု ဆို၍ဘုရားသခင်ကို ချီးမွမ်းလေ၏။
၄၈ ထိုအမှုကို အကြည့်အရှု လာသောသူအပေါင်းတို့သည် ထိုအခြင်း အရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။
၄၉ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုတော်ကိုသိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့် ရှု၍ ရပ်နေကြ၏။
၅၀ ထိုအခါ ယုဒပြည် အရိမသဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သောအလွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊
၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်း သူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊
၅၂ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။
၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။
၅၄ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။
၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။
၅၆ ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။