ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃
၁ တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့်အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန်ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊
၂ စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော်အရာရှိ အပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေခြင်းငှါ အမိန့်တော်ရှိ၍၊
၃ စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော်အရာရှိ အပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထားတော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။
၎ ထိုအခါ သံတော်ဆင့်တယောက်က၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၊
၅ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကိုကြားသောအခါ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။
၆ မပြပ်ဝပ် မကိုးကွယ်သောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချက်ခြင်း ချပစ်စေဟု အမိန့်တော်မြတ် ရှိသည်ဟု ဟစ်ကြော်၏။
၇ ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကိုကြားသောအခါ၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုးမျိုးအပေါင်းတို့သည် ပြပ်ဝပ်၍ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။
၈ ထိုအခါ၊ ခါလဒဲလူအချို့သည် နေဗုခဒ်နေဇာမင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊
၉ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
၁၀ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုး တီးမှုတ်ခြင်းအသံကို ကြားသောသူ ရှိသမျှ တို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။
၁၁ မပြပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေဟု အမိန့်တော်မြတ် ရှိပါ၏။
၁၂ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အမည်ရှိသော သူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တု ကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကိုပြစ်တင်၍ လျှောက်ထားကြ၏။
၁၃ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာအမျက်ထွက်၍ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံတော်သို့ရောက်လျှင်၊
၁၄ ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည် ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။
၁၅ ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ ငါတို့လုပ်သောရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ သို့မဟုတ်လျင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ်ဘုရားရှိသနည်းဟု မိန့်တော်မူ၏။
၁၆ ရှာဒရက်၊ မေရှက် အဗေဒနေဂေါ တို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ပြန်လျှောက် ရမည်အကြောင်း မရှိပါ။
၁၇ အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော် မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။
၁၈ ထိုသို့ကယ်လွှတ်တော် မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။
၁၉ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာအမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက် မီးဖိုကိုအရင်ထက် ခုနစ်ဆတိုး၍ပူစေခြင်းငှါ၎င်း၊
၂၀ ခွန်အားကြီးသော စစ်သူရဲတို့ သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါင်း အမိန့်တော်ရှိသည်အတိုင်း၊
၂၁ ထိုသူသုံးယောက်တို့ကို ပေါင်းဘီ၊ အင်္ကျီ၊ ဝတ်လုံအစရှိသည်တို့နှင့်တကွ တုတ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊
၂၂ ရှင်ဘုရင်၏အမိန့်တော် ကျပ်တည်း၍ မီးဖိုသည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲချသောသူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။
၂၃ ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ကျရောက်လေ၏။
၂၄ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့သြမိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက် တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည်မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့ကလည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊
၂၅ ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့်ကင်းလွတ်သည်ကို ငါမြင်သည် တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဌာန် ရှိသည်ဟု မိန့်တော်မူ၍၊
၂၆ မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ်ပြီးလျှင်၊ အမြင့်ဆုံးသောဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ထွက်၍လာကြ လော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲကထွက်လာကြ၏။
၂၇ စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည် ဝိုင်း၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည် တပင်မျှမမြိုက်၊ ဝတ်လုံလည်းခြားနားခြင်းမရှိ၊ မီးလောင်သောအနံ့လည်း ကင်းလွတ်၏။
၂၈ နေဗုခဒ်နေဇာမင်းကြီးကလည်း၊ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိ တော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက် မိမိတို့ကိုယ်ကိုပင် အပ်နှံသောကျွန်တော် ရင်းတို့ရှိရာသို့ ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ကယ်တင်တော် မူပြီ။
၂၉ ထိုကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူတို့သည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အား ပြစ်မှားသောစကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင်ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှမပြုနိုင်ဟု မိန့်တော်မူပြီးမှ၊
၃၀ ဗာဗုလုန်နိုင်ငံတွင်၊ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို မြှောက်တော်မူ၏။