ယောနဝတ္ထု အခန်းကြီး ၂
၁ ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကား ဟူမူ ကား၊
၂ ငါသည် ဒုက္ခဆင်းရဲကိုခံရသောကြောင့်၊ ထာဝရဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏာ နိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သောစကားသံကို နားထောင်တော်မူ၏။
၃ ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ်ရေသည်ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွမ်း ကြပါ၏။
၎ ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဗိမာန်တော်ကို မျက်မှောက် ပြုမြဲပြုပါမည်ဟု အောက်မေ့လျက်နေ၏။
၅ ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။
၆ တောင်ခြေ ရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်ဆီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။
၇ အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသောဗိမာန်တော်၌ ကိုယ်တော် ထံသို့ ဝင်ပါ၏။
၈ မုသာအနတ္တကိုမှီဝဲသော သူတို့သည် မိမိတို့ကရုဏာခံရကြောင်းကို စွန့်ပစ်ကြပါ၏။
၉ အကျွန်ုပ်မူ ကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကိုပြုပါမည်။ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
၁၀ ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့်တော်ကိုခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။