ဗျာဒိတ်ကျမ်း အခန်းကြီး ၁
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့၊ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၂ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်း သက်သေခံ၏။
၃ ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကား ကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
၎ ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါး အထံက၎င်း၊
၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
၆ မိမိခမည်းတော်ဘုရား သခင့်ရှေ့၌ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း။ အာမင်။
၇ ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော် ကြောင့် ငိုကြွေးမြည်းတမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
၈ ငါသည်အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ ဟု အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင်ဘုရားသခင်မိန့်တော်မူ၏။
၉ ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့် အတူဆက်ဆံ သောအဘော်အဘက်၊ သင်တို့အစ်ကိုငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံ တော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊
၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော် ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌မြည်သော အသံကြီးကိုကြား၏။
၁၁ မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကိုစာစောင် ၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော် ခုနစ်ပါးထံသို့ပေးလိုက်လော့ဟု ဆိုသတည်း။
၁၂ ထိုသို့ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင်းငှါ ငါသည်လှည့်ကြည်လျှင်၊ ရွှေမီးခွက်ခုနစ်လုံး ကို၎င်း၊
၁၃ ထိုမီးခွက် ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသော သူတဦးကို၎င်း၊ မြင်၏။ ထိုသူသည်ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။
၁၄ ခေါင်းတော်နှင့် ဆံပင်တော်သည်ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။
၁၅ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။
၁၆ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံး ကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျင်ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့်ထွန်းတောက် သောနေကဲ့သို့ဖြစ်၏။
၁၇ ထိုသူကို ငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်တော် ကိုငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသော သူဖြစ်၏။
၁၈ အသက်ရှင် သော သူလည်းဖြစ်၏။ ငါသည်အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။
၁၉ ထိုကြောင့်၊ သင်သည်မြင်ပြီးသောအရာတို့ကို၎င်း၊ ယခုရှိသောအရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်းရေးထားလော့။
၂၀ ငါ့လက်ျာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက် ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သော တမန်ဖြစ်ကြ၏။