ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၂
၁ နေဗုခဒ်နေဇာနန်းစံ တဆယ်ရှစ်နှစ်၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၏။
၂ ထိုအခါ ဗာဗုလုန်ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိသည် ယုဒရှင်ဘုရင်၏ နန်းတော် ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။
၃ အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်၍၊သူသည် သိမ်းယူလိမ့်မည်။
၎ ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့လက်နှင့် မလွတ်၊ ဗာဗုလုန်ရှင်ဘုရင်လက်သို့ ဆက်ဆက်ရောက်လိ့မ်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကိုတယောက် ကြည့်ရှုလျက် တွေ့ရ လိမ့်မည်။
၅ ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွားလိမ့်မည်။ ငါအကြည့်အရှုမလာမှီတိုင်အောင် ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍မနိုင်ရကြဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို၊ သင်သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
၆ ထိုအခါ ယေရမိက၊ ငါ့ဆီသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
၇ သင်၏ ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင် သောကြောင့်၊ ဝယ်ပါဟု ပြောဆိုလိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊
၈ ငါ့ဘထွေးသား ဟာနမေလသည် ငါရှိရာထောင်ဝင်းထဲသို့လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည်အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည်ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
၉ အာနသုတ်မြို့၌ ရှိသော ငါ့ဘထွေး သား ဟာနမေလ၏ လယ်ကိုငါဝယ်၍ လယ်ဘိုးငွေတဆယ်ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
၁၀ စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ကို ခေါ်၍ ငွေကိုချိန်ခွင်နှင့် ချိန်ပေး၏။
၁၁ ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသော လက်ခံတစောင်ကိုယူ၍၊
၁၂ ဘထွေးသား ဟာနမေလအစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သား ဗာရုတ်၌ အပ်လျက်၊
၁၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊
၁၄ တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကိုယူ၍၊ ကာလကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ ထားလော့။
၁၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြလေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကို မှာထားလေ၏။
၁၆ ထိုသို့ နေရိသား ဗာရုတ်၌ စာချုပ်ကိုအပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊
၁၇ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကို ဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။
၁၈ ကိုယ်တော်သည် လူအထောင် အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက်ဖြစ်သော သားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော်မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။
၁၉ ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်သော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံပြုမူသည်အတိုင်း အကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသားများသွားလာ သောလမ်းအစုံတို့ကို အစဉ်ကြည့်ရှုလျက်နေတော်မူ၏။
၂၀ အဲဂုတ္တုပြည်၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုး တို့၌ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ်ကျော်စော သောသိတင်းရှိတော်မူ၏။
၂၁ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသောလက်၊ ဆန့်တော်မူ သောလက်ရုံး၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ၍၊
၂၂ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည်ကိုပေးသနားတော်မူသဖြင့်၊
၂၃ သူတို့သည် ဝင်၍သိမ်းယူကြသော်လည်း၊ အမိန့်တော် ကိုနားမထောင်၊ တရားတော်လမ်းသို့မလိုက်၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲနေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ။
၂၄ ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့ မြို့တော်ကိုအပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင်မြင်တော်မူ၏။
၂၅ ထိုသို့ မြို့တော်သည် ခါလဒဲလူတို့လက်သို့ရောက်သော်လည်း၊ အိုအရှင်ထာဝရဘုရား၊ ထိုလယ်ကိုငွေနှင့် ဝယ်၍၊ သက်သေတို့ကို ခေါ်ထားရမည်အကြောင်း၊ မိန့်တော်မူပါပြီတကားဟု လျှောက်လေ၏။
၂၆ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊
၂၇ ငါထာဝရဘုရား သည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသောဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သောအရာတစုံတခု ရှိလိမ့်မည်လော့။
၂၈ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့၎င်း ငါအပ်၍၊ သူသည်သိမ်းယူလိမ့်မည်။
၂၉ ဤမြို့ကိုတိုက်သော ခါလဒဲလူတို့သည် ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ဗာလဘုရားအဘို့ အိမ်မိုဃ်းပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ အခြားတပါးသော ဘုရားအဘို့ သွန်းလောင်းရာပူဇော်သက္ကာကို ပြုရာအိမ်များနှင့် တကွ၊ တမြို့လုံးကိုမီးလောင်စေကြလိမ့်မည်။
၃၀ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သောအရွယ်မှစ၍ ငါ့ရှေ့မှာ ဒုစရိုက်ကိုသာပြုကြပြီ။ မိမိတို့ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာပြုကြပြီ။
၃၁ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
၃၂ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ကိုငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက် ထွက်၍၊ အမျက်အရှိန်အားကြီးစေသော မြို့ဖြစ်၏။
၃၃ သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသွန်သင်သော်လည်း၊ ငါ၏သြဝါဒကိုခံလိုသောငှါ နားမထောင်ကြ။
၃၄ ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညူးစေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်းထားကြပြီတကား။
၃၅ သူတို့သားသမီးတို့ကို မောလုတ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိနုန်သား၏ ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
၃၆ သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင်လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
၃၇ ငါသည် အမျက် ဟုန်းဟုန်းထွက်၍၊ အမျက်အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည်ရှိသမျှတို့မှ တဖန် စုသိမ်း၍ ဤအရပ်သို့ ဆောင်ခဲ့ပြီးလျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
၃၈ သူတို့သည် ငါ၏လူဖြစ် ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်။
၃၉ ကိုယ်အကျိုးအလို့ငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ်ကြောက်ရွံ့စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘောကိုငါပေးမည်။
၄၀ သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရဘုရား ပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။
၄၁ သူတို့အားကျေးဇူး ပြုခြင်းအမှု၌ ငါသည်အားရဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
၄၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးအပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည်နည်းတူ၊ ငါဂတိထားသော ကောင်းကျိုးအပေါင်းကိုလည်း ငါရောက် စေမည်။
၄၃ လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီး ခါလဒဲလူတို့လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
၄၄ ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ် တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့် ဝယ်ခြင်း၊ စာချုပ်ကိုစီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကို ခေါ်ထားခြင်းအမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။