ရောမသြဝါဒစာ အခန်းကြီး ၎
၁ ထိုသို့ဖြစ်လျှင်၊ ငါတို့အဘ အာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။
၂ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့် ရှေ့တော်၌ ထိုသို့မဟုတ်။
၃ ကျမ်းစာ၌အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
၎ အကျင့်ရှိသောသူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။
၅ အကျင့်မရှိသော သူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။
၆ ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲလျက် ပေးတော် မူသော ဖြောင့်မတ်ခြင်းကိုရသောသူ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ဆိုသည်ကား၊
၇ အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
၈ ထာဝရဘုရား အပြစ်တင်တော်မူ ခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။
၉ အရေဖျားလှီးခြင်းကို ခံသောသူတို့သာလျှင် ထိုမင်္ဂလာကိုရကြသလော။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသော လူတို့သည်လည်းရကြသလော။ အဘယ်ကြောင့်မေးသနည်း ဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။
၁၀ ထိုသို့ဆိုသော် အဘယ်သို့မှတ်သနည်း။ အရေဖျားလှီးခြင်းကိုခံပြီးမှ မှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။
၁၁ အရေဖျားလှီးခြင်း ကိုမခံဘဲ ယုံကြည်သောသူ တို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်း ရှိစေခြင်းငှါ၊
၁၂ ငါတို့အဘ အာဗြဟံသည်ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အရေဖျားလှီးခြင်း ကိုခံသည်သာမက၊ ငါတို့အဘ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီ ရှိသောယုံကြည်ခြင်း လမ်းသို့ လိုက်သောသူတို့၏ အဘဖြစ် အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီ ရှိသော ယုံကြည် ခြင်း၏ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကိုခံရသတည်း။
၁၃ ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှ စသောသူ၏ အမျိုးအနွှယ်တို့သည် ပညတ်တရား အားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းအားဖြင့်ရကြ၏။
၁၄ အကြောင်းမူကား၊ ပညတ် တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီး ဖြစ်၏။
၁၅ ပညတ်တရားသည်ကားအမျက်ဒေါသနှင့်စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။
၁၆ ထိုကြောင့်၊ ဂတိတော်သည်ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွှယ် တို့၌ပြည့်စုံ သည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွှယ် အပေါင်းတို့၌ ပြည့်စုံမည် အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တရား ကိုသာအမှီပြု၍ ရောက်နိုင်၏။
၁၇ ငါသည်သင့်ကိုလူမျိုးအများတို့၏ အဘဖြစ်စေ၏ ဟုကျမ်းစာ၌ လာသည် နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသော အရာတို့ ကို ဖြစ်သောအရာကဲ့သို့မှာထားတော်မူ သောဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။
၁၈ သင်၏အမျိုးအနွှယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည်လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာ အကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။
၁၉ ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုင်း၊ မိမိခင်ပွန်းစာရာ၏ ဝမ်းသည် သေကြောင်းကိုင်း မအောက်မေ့၊
၂၀ ယုံမှားသောစိတ်နှင့် ကင်း၍ဘုရားသခင်၏ ဂတိတော် ကိုတွေးတော ခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကိုချီးမွမ်း၍၊
၂၁ ဂတိထားတော်မူသော သူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။
၂၂ ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကိုသူ၏ ဖြောင့်မတ်ခြင်း ကဲ့သို့မှတ်တော်မူ၏။
၂၃ ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှါသာ ကျမ်းစာ၌ ရေးထားသည် မဟုတ်။
၂၄ ငါတို့အကျိုး အလိုငှါရေးထားသတည်း။ ငါတို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည်ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။
၂၅ ထိုသခင်ယေရှု သည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်း ကိုခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။