Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၅၇
 ဒါဝိဒ်သည် ဥမင်၌ ရှောလုထံမှ ထွက်ပြေးသောအခါ စပ်ဆိုသော ဆာလံ၊၊ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ၊၊ သနားတော်မူပါ၊၊ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည်ကိုယ်တော်ကို ခိုလှုံပါ၏၊၊
 အတာင်တော်အရိပ်၌ ခိုလှုံပါ၏၊၊ ငါသည် အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်၊၊
 ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်၊၊ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့် ငါ့ကို ကယ်တင်တော်မူမည်၊၊ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရား သခင်စေလွှတ်တော်မူမည်၊၊
 ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏၊၊ ဒေါသမီးလောင်လျက် ရှိသော လူသားတို့တွင် ငါအိပ်ရ၏၊၊ သူတို့သွားတို့သည် လှံနှင့် မြ‡ားဖြစ်ကြ၏၊ သူတို့လျှာသည်လည်း ထက်သောသန်လျက် ဖြစ်၏၊၊
 အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊ မြေကြီး တပြင်လုံးကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း၊၊
 သူတို့သည် ငါသွားရာလမ်း၌ကျော့ကွင်းကို ပြင်ဆင်ကြပြီ၊၊ ငါ့ဝိညာဉ်သည် နှိမ့်ချ လျက်ရှိ၏၊၊ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြပြီ၊၊
 အိုဘုရားသခင် အကျွန်ုပ်နှလုံး သည် တည်ကြည်ပါ၏၊၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏၊၊ သီချင်းဆိုပါမည်၊၊ ချီးမွမ်းထောပနာပြုပါမည်၊၊
 အို ငါ့ဝိညာဉ် နိုးလော့၊၊ တယောနှင့် စောင်းတို့နိုးကြလော့၊၊ ငါလည်း စောစောနိုးမည်၊၊
 အို ထာဝရဘုရား၊ ပရိသတ် အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်၊၊
၁၀ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏၊၊
၁၁ အိုဘုရားသခင် ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊ မြေကြီးတပြင်လုံးကို ဘုန်းတော်လွှမ်းမိုး ပါစေသတည်း၊၊