Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၅၁
 ဒါဝိဒ်သည် ဗာသရှေ့ဘနှင့် မှားယွင်း၍၊ ပရောဖက်နာ သန်၏ဆုံးမခြင်းကို ခံပြီးမှ စပ်ဆိုသောဆာလံ၊၊ အိုဘုရားသခင် ကျေးဇူးပြုချင်သောစေတနာ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနား တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျုးခြင်း အပြစ်ကိုဖြေတော်မူပါ၊၊
 ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ၊၊
 အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊
 ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊
 အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊
 ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊
 အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
 စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊
 သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊
၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊
၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊ 
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊
၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊ 
၁၈ စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ၊ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။
၁၉ ထိုအခါ တရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်၊၊