Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၅၀
 တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏၊၊ နေထွက်ရာမှ သည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏၊၊
 အသရေတင့်တယ်ခြင်း ပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ ရောင်ခြည်တော်သည် ထွန်းပ၏၊၊
 ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏၊၊ တိတ်ဆိတ်စွာ နေတော်မမူ၊ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏၊၊
 မိမိလူတို့ကို စစ်ကြောစီရင်ခြင်း အလိုငှါ အထက်ကောင်းကင်ကို၎င်း မြေကြီးကို၎င်း ခေါ်တော်မူလျက်
 ယဇ်ပူဇော်သောအားဖြင့်  ငါ့နှင့် ပဋ္ဋိညာဉ်ဖွဲ့ သော ငါ၏ သန့်ရှင်းသောသူတို့ကို ငါ့ထံသို့ စုဝေးစေကြဟု မိန့်တော်မူ၏၊၊
 ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာပြကြ လိမ့်မည်၊၊
 ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊
 မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
 သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊
၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊
၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊
၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊
၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊
၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊