Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၁၉

၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။
၆ မိုဃ်းကောင်းကင် တစွန်းမှထွက်လာ၍ တစွန်းတိုင်အောင်လှည့်ပတ် သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သော အရာတစုံတခုမျှမရှိ။
၇ ထာဝရဘုရား၏ တရားတော်သည်စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။
၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊
၁၀ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။
၁၁ တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။
၁၂ မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း၊၊ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊
၁၃ ရဲရင့်သောဒုစရိုက်ကိုလည်း ကိုယ်တော်၏ကျွန်သည် မပြုရမည်အကြောင်းကို ဆီးတားတော်မူပါ။ ဒုစရိုက်အပြစ်သည် အကျွန်ုပ်ကိုအစိုးမရပါစေနှင့်။ ထိုသို့သောအားဖြင့် အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းရှိ၍ ကြီးစွာသောပြစ်မှားခြင်းနှင့် ကင်းလွတ်ရပါလိမ့်မည်။
၁၄ အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌နှစ်သက်ဘွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ ကျောက် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသော ဘုရား။