Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၃၅
၁ အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သော သူတို့ကို တိုက်တော်မူပါ။
၂ ဒိုင်းလွှားကိုကိုင်၍အကျွန်ုပ် ကို ကူညီစေခြင်းငှာ ထတော်မူပါ။
၃ အကျွန်ုပ်ကို လိုက်သော သူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည်သင်၌ ချမ်းသာပေးသော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အားမိန့်တော်မူပါ။
၎ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက် ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေ သော။
၅ ထိုသူတို့သည် လေတိုက်သော ဖွဲကဲ့သို့ ဖြစ်ကြပါစေသော။ ထာဝရဘုရား၏ တမန်သည် လည်းသူတို့ကို  လှဲပါစေသော။
၆ သူတို့သွားသော လမ်းသည် မိုက်သောလမ်း၊ ချောသောလမ်းဖြစ်ပါစေသော။ ထာဝရဘုရား၏ တမန်သည်လည်းသူတို့ကို လိုက်ပါစေသော။
၇ အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကိုဝှက် ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့ တွင်းကိုတူးကြပါပြီ။
၈ ထိုသို့သောသူသည် အမှတ် တမဲ့ ပျက်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော။ မိမိတွင်း ထဲသို့ မိမိကျပါစေသော။
၉ သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်း မြူးတူးခြင်း ရှိလိမ့်မည်။
၁၀ အကျွန်ုပ် အရိုးရှိသမျှတို့ လည်း၊ အိုထာဝရဘုရား၊ အစိုးတရ ပြုသောသူ၏ လက်မှဆင်းရဲသားကိုနှုတ်တော်မူ၍၊ လုယူဖျက်စီးတက်သောသူ ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ် သူတူပါသနည်း ဟု လျှောက်ဆိုကြမည်။
၁၁ မမှန်သောသက်သေတို့သည် ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။
၁၂ ငါပြုသော ကျေးဇူးအတွက် သူတိုသည် ငါ့အသက်ကိုလုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။
၁၃ ငါ မူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကို ရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။
၁၄ သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကို အောက်မေ့၍၊ စိတ်မသာညည်း တွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် တမှိုင်မှိုင်နေလေ၏၊၊
၁၅ ငါလဲသောအခါမှုကား သူတို့သည်ဝမ်းမြောက်၍စည်းဝေးကြ၏၊၊ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက်၌စည်းဝေးကြ၏၊၊ သူတို့ကိုလည်း ငါမသိရ၊၊ မရပ်မနေဘဲ ငါ့ကို ဆွဲဖြတ်ကြ၏၊
၁၆ ပွဲ၌ ခစားတတ်သော လူဆိုးတို့ နှင့်အတူ ငါကို အံသွားခဲ ကြိတ်ကြ၏၊၊
၁၇ အိုထာဝရဘုရား အဘယ်မျှ ကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း၊၊ အကျွန်ုပ်အသက်ကို သူတို့ပြု သော ဘေးဥပဒ်မှ၎င်း ၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ၊ ကယ်လွှတ်တော်မူပါ၊၊
၁၈ ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်၊၊ များစွာသော လူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊
၁၉ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်၊၊ အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့ လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်၊၊
၂၀ အကြောင်းမူကား သူတို့သည် အမှုငြိမ်းစေသော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည်သားတို့တဘက်၌ လျှို့ဝှက်သော အမှုများကို ကြံစည်ကြပါ၏၊၊
၂၁ အကျွန်ုပ်ကို ပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့် မြင်ရပြီဟု ဆိုကြပါ၏၊၊
၂၂ အို ထာဝရဘုရား ကိုယ်တော်သည် သိမြင်တော်မူ၏၊၊ အိုဘုရားရှင် တိတ်ဆိတ်စွာ နေတော်မမူပါနှင့်၊၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊
၂၃ အကျွန်ုပ်၏ဘုရားသခင် အကျွန်ုပ်၏အရှင်၊ အကျွနုပ်၌ ရောက်သော အမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ၊၊
၂၄ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော် သည် ဖြောင့်မတ်တော်မူခြင်းနှင့် အညီ ၊ အကျွနု်ပ်အမှုကို ဆုံးဖြတ်တော်မူပါ၊၊ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်၊၊
၂၅ အဲ ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေနှင့်၊၊ ငါတို့သည် သူ့ကို မျိုပြီဟု မပြောကြပါ စေနှင့်၊၊
၂၆ အကျွန်ုပ်၌ ဘေးရောက်သည် အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော၊၊ အကျွန်ုပ် တဘက်၌ ကိုယ်ကို မြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော၊၊
၂၇ အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော၊၊ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရ ဘုရားသည် ဘုန်းကြီးတော်မူစေသတည်းဟု သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော၊၊
၂၈ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊