ဆာလံကျမ်း အခန်းကြီး ၄၆
၁ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊
၂ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များ တုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်းငါတို့သည် ကြောက်လန့်ခြင်းမရှိ၊၊
၃ သမုဒ္ဒရာရေသည်ဟုန်းဟုန်း မြည်၍ မွှေနှောက်ပါလေ စေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊
၎ မြစ်တမြစ် ရှိသေး၏၊၊ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏၊၊
၅ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာဖြစ်၍ တုန်လှုပ်ခြင်းမရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင် ကူမတော်မူလိမ့်မည်။
၆ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။
၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
၈ ထာဝရဘုရား စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ် ရှင်းခြင်းအမှု တော်များကို လာ၍ကြည့်ရှုကြလော့။
၉ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့ လျက်၊ မြေကြီးစွန်း တိုင် အောင်စစ်မှုကို ငြိမ်းစေတော်မူ၏။
၁၀ ငြိမ်ဝပ်လျက် နေကြလော့။ ငါကားဘုရား သခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
၁၁ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့နှင့် အတူရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်တော်မူ၏။