ဆာလံကျမ်း အခန်းကြီး ၁၁၅
၁ အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ၊ အိုထာဝရဘုရား အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ ကိုယ်တော်၏ နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေသတည်း၊၊
၂ သူတို့၏ ဘုရားသခင်သည် အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း၊၊
၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော် မူ၏၊၊ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏၊၊
၎ သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏၊၊ ရွှေလည်းဖြစ်၏၊၊ လူလက်ဖြင့် လုပ်သော အရာပေတည်း၊၊
၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကား မပြောတတ်၊၊ မျက်စိရှိ၍ မမြင်တတ်၊၊
၆ နားရှိ၍ မကြားတတ်၊၊ နှာခေါင်းရှိ၍ မနမ်းတတ်၊၊
၇ လက်ရှိ၍ မကိုင်တတ်၊၊ ခြေရှိ၍ မသွားတတ်၊၊ သူတို့ လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား၊၊
၈ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။
၉ အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော၊၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ ကွယ်ကာသော သူဖြစ်တော်မူ၏၊၊
၁၀ အိုအာရုန်အမျိုးအနွယ် ထာဝရဘုရားကို ကိုးစားလော့၊၊ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏၊၊
၁၁ ထာဝရဘုရား ကို ကြောက်ရွံ့သောသူတို့ ထိုဘုရားကို ကိုးစားကြလော့၊၊ ထာဝရဘုရားသည် ထိုသို့သောသူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
၁၂ ထာဝရဘုရားသည် ငါ့တို့ကို အောက်မေ့ တော်မူ၏၊၊ ကောင်းကြီးပေးတော်မူမည်၊၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးတော်မူမည်၊ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်၊၊
၁၃ ထာဝရဘုရားကို ကြောက်ရွံ့ သောသူအကြီးအငယ်တို့ကို ကောင်းကြီး ပေးတော်မူမည်၊၊
၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်၊
၁၅ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူဖြစ်ကြ၏၊၊
၁၆ ကောင်းကင်ကား ထာဝရဘုရား၏ ကောင်းကင်ဖြစ်၏၊၊ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ၊၊
၁၇ သေလွန်သောသူ ငြိမ်းရာထဲသို့ ဆင်းသောသူရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ၊၊
၁၈ ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ်အဆက် ကောင်းကြီးပေးကြလေအံ့သတည်း၊၊ ဟာလေလုယ၊၊