ဆာလံကျမ်း အခန်းကြီး ၁၁၆
၁ ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကိုကြား၍
၂ ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့် ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်၊၊
၃ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏာနိုင်ငံဘေးတို့သည် ငါ့ကိုဘမ်းမိသဖြင့် ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏၊၊
၎ ထိုအခါ အိုထာဝရဘုရား အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု ၏၊၊
၅ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သောသဘော ရှိတော်မူ၏၊၊ ငါတို့ဘုရားသခင် သည် ကရုဏာစိတ်ရှိတော်မူ၏၊၊
၆ ထာဝရဘုရားသည် မလိမ္မာသောသူတို့ကို စောင့်မတော်မူ၏၊၊ ငါသည် နှိမ့်ချလျက် ရှိသောအခါ ကယ်တင်တော်မူ၏၊၊
၇ အိုငါ့ဝိညာဉ် သင်၏ ငြိမ်ဝပ်ရာသို့ပြန်လော့၊၊ ထာဝရဘုရားသည် သင်၌ ကျေး ဇူးပြုတော်မူပြီ၊၊
၈ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း အကျွန်ုပ်ခြေကိုလည်း ထိမိ၍ လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ၊၊
၉ သို့ဖြစ်၍ အသက်ရှင်သော သူတို့၏ နေရာတွင် ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏၊၊
၁၀ ငါသည် အလွန်ညိုးငယ်ခြင်းကို ခံရ၏ဟု မြွက်ဆိုသော်လည်း ယုံကြည်သောစိတ်ရှိသေး၏၊၊
၁၁ လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ ဟု သတိလစ်လျက် ပြောမိ၏၊၊
၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊