ဆာလံကျမ်း အခန်းကြီး ၆၉
၁ အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား၊၊ ရေသည် အကျွန်ုပ်အသက်ဝိညာဉ် တိုင်အောင် ရောက်ပါပြီ၊၊
၂ ခြေနင်းရာ မရှိ၊၊ နက်လှသော ရွံ့ထဲမှာ ကျွံပါပြီ၊၊ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သောရေထဲသို့ ရောက်ပါပြီ၊၊
၃ အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်း ခြောက်ပါပြီ၊၊ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ၊၊
၎ အကြောင်းမရှိဘဲ အကျွန်ုပ် ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ ဆံပင်ထက်များကြပါ၏၊၊ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏၊၊ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏၊၊
၅ အိုဘုရားသခင် အကျွန်ုပ်မိုက်ခြင်း အမှုကို ကိုယ်တော်သိတော်မူ၏၊၊ အကျွန်ုပ်၏ အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍မထားရပါ၊၊
၆ ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်၊၊ ဣသရေလအမျိုး၏ ဘုရားသခင် ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ် အကြောင်းကြောင့် ရှက်ကြောက်ခြင်း မရောက်ကြပါစေနှင့်၊၊
၇ ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်း ကိုခံရပါ၏၊၊ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။
၈ ကိုယ်ညီအစ်ကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ၊၊ တမိတည်းသော ပေါက်ဘော်တို့တွင် တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ၊၊
၉ ကိုယ်တော် ၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏၊၊ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကား သည် အကျွန်ုပ် အပေါ်သို့ ရောက်ပါ၏၊၊
၁၀ အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သောအကျင့် ကြောင့်ပင် ကဲ့ရဲ့ခြင်း ကို ခံရပါ၏၊၊
၁၁ လျှော်တေ အဝတ်ကို ဝတ်သောအခါ သူတို့သည် သရော်တတ်ကြပါ၏။
၁၂ ရုံး၌ ထိုင်သော သူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍ သေသောက်ကြူးတို့သည် အကျွန်ုပ်ကိုအကြောင်းပြု လျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏၊
၁၃ အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏၊၊ အိုဘုရားသခင်၊ ဂရုဏာတော်ကြွယ်ဝသည်နှင့်အညီ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။
၁၄ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နူတ်တော်မူပါ၊၊ နစ်စေတော်မမူပါနှင့်၊၊ အကျွန်ုပ်ကို မုန်းသော သူတို့လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော၊၊
၁၅ ရေထ၍ မလွှမ်းပါစေနှင့်၊၊ နက်နဲရာ၌ မမြုပ်ပါစေနှင့်၊၊ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်၊၊
၁၆ အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် အကျွန်ုပ် စကားကို နားထောင်တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်ကို မျက်နှာပြ တော်မူပါ။
၁၇ ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်၊၊ ဘေးရောက်ပါပြီ၊၊ အလျှင်အမြန် နားထောင်တော် မူပါ၊၊
၁၈ အကျွန်ုပ်၏ အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ၊၊ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေး တော်မူပါ။
၁၉ အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့ သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏၊၊
၂၀ ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏၊၊ သနားသော သူကို ကြည့်၍ မမြင်၊၊ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
၂၁ အကျွန်ုပ်စားစရာဘို့ ဆေးခါးကိုကျွေးကြပါ၏၊၊ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏၊၊
၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက် သော်၎င်း ဖြစ်ပါစေ၊၊
၂၃ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ၊၊ သူတို့ ခါးသည်လည်း အစဉ်တုန်ပါစေ၊၊
၂၄ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော် မူ၍ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ၊၊
၂၅ သူတို့နေရာအရပ်သည် လူဆိတ်ညံရာ အရပ်ဖြစ်ပါစေ၊၊ သူတို့အိမ်၌ နေသောသူမရှိပါစေနှင့်၊၊
၂၆ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏၊၊ နာစေတော်မူသော သူတို့ကို ထပ်၍ နာစေကြပါ၏၊၊
၂၇ သူတို့အပြစ်၌ အပြစ်ကို ထပ်၍ပေးတော်မူပါ။ ကုသိုလ်တော်နှင့်မဆိုင်ကြပါ စေနှင့်။
၂၈ အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမှတ်ပါ စေနှင့်၊၊
၂၉ အကျွန်ုပ်မူကား ဆင်းရဲငြိုငြင်ပါ၏၊၊ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြင့်ပါစေသော။
၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်၊၊ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်၊၊
၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလား ကို နှစ်သက်သည်ထက် ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်၊၊
၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်၊၊ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်၊၊
၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊
၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊
၃၅ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍ ယုဒမြို့ တို့ကို ပြုစုတော်မူသဖြင့် ထိုသူတို့သည် နေ၍ ပိုင်ရကြလိမ့်မည်၊၊
၃၆ ကျွန်တော်မျိုး၏ သားမြေးတို့ သည် ထိုမြို့ကို အမွေခံရ၍ နာမတော်ကို ချစ်သောသူတို့သည် နေရာကျရကြလိမ့်မည်၊၊