Friday, March 9, 2018

မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၁
၁ ထာဝရဘုရားသည် မာလခိလက်တွင် ဣသရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်ကပတ် တော်တည်းဟူသော၊
၂ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ်တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏ အစ်ကိုဖြစ်သည်မဟုတ်လော့။ သို့သော်လည်းယာကုပ်ကို ငါချစ်၏။
၃ ဧသောကိုငါမုန်း၍ သူနေသောတောင် တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာ မြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
၎ ဧဒုံအမျိုးသားတို့က ငါတို့သည် ပျက်စီးသော်လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦးမည် ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သူတို့သည်တည်ဆောက် သော်လည်း၊ ငါဖြိုဖျက်မည်။ သူတို့ကိုဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ၍သမုတ်ကြလိမ့်မည်။
၅ ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရဘုရားသည် ဣသရေလပြည်မှာ ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။
၆ သားသည် အဘကိုရိုသေတတ်၏။ ကျွန်သည် သခင်ကိုကြောက်ရွံ့တတ်၏။ ငါသည်အဘမှန်လျှင် ငါ့ကိုအဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် နာမတော်ကို မထိမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့ကိုအား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့မထီမဲ့မြင်ပြုပါသနည်းဟု သင်တို့မေးရာတွင်၊
၇ ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ရှုတ်ချပါသနည်းဟု မေးရာတွင်၊ ထာဝရဘုရား၏ စားပွဲသည် ယုတ်မာ၏ဟု ဆိုသောကြောင့် ငါ့ကိုရှုတ်ချကြပြီ။
၈ မျက်စီကန်းသောအကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသောအကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ်နှင့်တွေ့လိမ့်မည်လော့။ သင့်မျက်နှာကို ထောက်လိမ့်မည်လော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၉ ယခုမှာ ဘုရားသခင်သည် ငါတို့ကိုကယ်မသနား တော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသော ကြောင့်၊ ဤသို့ပြုတတ်ကြ၏။ သင်တို့မျက်နှာကိုထောက်ရမည်လော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၀ သင်တို့တွင် အဘယ်သူသည် ငါတံခါးတို့ကို ပိတ်လိမ့်မည်လောဟု သင်တို့သည် ငါ့ယဇ်ပလ္လင် ပေါ်မှာမီးကို အချည်းနှီး မညှိရကြ။ သင်တို့ကိုငါအလို့မရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၁ နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင်အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။ ခပ်သိမ်းသောအရပ်တို့၌ နံ့သာပေါင်းကို ငါ၏နာမတော်အား မီးရှို့၍ သန့်ရှင်းသောပူဇော် သက္ကာကိုဆပ်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၂ သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသောဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟု ဆိုသောကြောင့်၊ စားပွဲတော်ကိုရှုတ်ချကြပြီ။
၁၃ တဖန် သင်တို့က အမှုတော်ကိုဆောင်ရွက်၍၊ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကိုပြုတတ်ကြသည်ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်ကို၊ ဆောင်ခဲ့ကြပြီ။ ထိုသို့သောပူဇော်သက္ကာကို ဆောင်ခဲ့ကြပြီတကား၊ သင်တို့လက်မှ ငါခံရမည်လောဟု ထာဝရဘုရား မေးတော်မူ၏။
၁၄ သစ္စာဂတိထားပြီမှ မိမိသိုးစု၌ အထီးရှိလျက်ပင်၊ လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သောအကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသတည်း။ ငါသည်ကြီးမြတ်သောရှင်ဘုရင်ဖြစ်၏။ ငါ၏နာမတော် သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဘွယ်ဖြစ်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။