Sunday, March 11, 2018

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄
၁ ခုနှစ်ရက်တွင်ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သော နံ့သာမျိုးကိုဆောင်လျက်သင်္ချိုင်းတော်သို့သွားကြ၏။
၂ ရောက်သောအခါ၊ တွင်းဝ၌ပိတ်သော ကျောက်သည်လိမ့်လန်လျက်ရှိသည်ကိုတွေ့မြင်၍ အတွင်းသို့ဝင်သော်၊
၃ သခင်ယေရှု၏ အလောင်းတော်ကိုမတွေ့ကြ။
၎ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသော စိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကိုဝတ်ဆင်လျက်ပေါ်လာ၏။
၅ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့်ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်း။
၆-၇ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံ့ခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ကိုခံရမည်၊ သုံးရက်မြောက် သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အားမိန့်တော်မူသော စကားကို အောက်မေ့ကြဦး ဟု ဆိုကြသည်ရှိသော်၊

၈ ထိုမိန်းမတို့သည် စကားတော်ကိုသတိရ၍၊
၉ သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာ အလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ကြွင်းသော တပည့်တော်အပေါင်း တို့အား ပြန်ကြားကြ၏။
၁၀ ထိုအကြောင်းအရာကိုတမန်တော် တို့အားပြောသောသူကား၊ မာဂဒလမာရိ၊ သောဟန္န၊ ယာကုပ်၏ အမိဖြစ်သော မာရိမှစ၍ အခြားသောမိန်းမများဖြစ်သတည်း။
၁၁ သူတို့၏စကားကိုဒဏ္ဍာရီစကား ကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။
၁၂ သို့သော်လည်း ပေတရုသည် ထ၍သင်္ချိုင်းတော် သို့ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည် ကိုမြင်လျှင်၊ ထိုအကြောင်းအရာကို အံ့သြ၍ မိမိအိမ်သို့ပြန်သွား၏။
၁၃ ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည် ရှိသောရွာသို့ ထိုနေ့၌သွားကြစဉ်တွင်၊
၁၄ ဖြစ်ခဲ့ပြီးသောအကြောင်း အရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွှေးပြော ဆိုကြ၏။
၁၅ ထိုသို့ဆွေးနွှေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့် အတူကြွတော်မူ၏။
၁၆ ထိုသူတို့သည်  မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကိုမသိကြ။
၁၇ ကိုယ်တော် ကလည်း၊ သင်တို့သည်ခရီးသွားလျက် အချင်းချင်း ဆွေးနွှေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့်မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူ လျှင်၊
၁၈ သူတို့တွင် ကလောဖ အမည်ရှိသောသူက၊ သင်သည်ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင့်အရာတို့ကို မသိသလောဟု ပြောဆို၏။
၁၉ ကိုယ်တော်ကလည်း၊ အဘယ်အကြောင်း အရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်း တို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသောပရောဖက်ဖြစ်၏။
၂၀ ထိုသူကိုယဇ် ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါအပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။
၂၁ ထိုသူသည်ဣသရေလအမျိုးကိုရွေးနှုတ်အံ့သောသူဖြစ်သည် ဟုငါတို့သည်အထက်က မျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။
၂၂ ငါတို့၏အပေါင်းအဘော်မိန်းမအချို့ တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊
၂၃ အလောင်းတော်ကိုမတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူ သည်ဟု ပြောသောကောင်းကင်တမန်ထင်ရှားရာ ရူပါရုံကို မိမိမြင်ကြောင်းကို ပြန်လာ၍ပြောဆိုသဖြင့်၊ ငါတို့သည်မိန်းမောတွေ ဝေခြင်းရှိကြ၏။
၂၄ ထိုအခါငါတို့တွင် အချို့သော သူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကိုမမြင်ရဟု ပြောဆိုကြ၏။
၂၅ ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင်ဥာဏ်မရှိ၊ စိတ်ခိုင်မာ သောသူ တို့၊
၂၆ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။
၂၇ ထိုအခါမောရှေ၏ ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထား သမျှသောကျမ်းစာချက် အနက်ကို ရှင်းလင်းစွာဘော်ပြတော်မူ၏။
၂၈ ထိုတပည့်တော်တို့သည် သွားသော ရွာအနီး သို့ရောက်သောအခါ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သောအခြင်းအရာကို ပြတော်မူလျှင်၊
၂၉ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူ ဝင်၍နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည် ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေး ဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။
၃၀ စားပွဲ၌ သူတို့နှင့်အတူလျောင်း တော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အားပေးတော်မူသည်တွင်၊
၃၁ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၍။
၃၂ တပည့်တော်တို့ ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။
၃၃ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရှုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကိုတွေ့ကြ၏။
၃၄ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊
၃၅ ထိုတပည့် တော် နှစ်ယောက် တို့သည် လမ်း၌ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသော အကြောင်းကို၎င်း၊ ပြန်ကြားကြ၏။
၃၆ ထိုသို့ အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏၊
၃၇ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြ သနည်း။ အဘယ် ကြောင့်အထူးထူး အထွေထွေသော စိတ်ရှိကြသနည်း။
၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သိုမပြည့်စုံဟု မိန့်တော်မူလျှက်၊
၄၀ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။
၄၁ ထိုသူတို့သည် အံ့သြ၍ ဝမ်းမြောက်သော အားဖြင် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊
၄၂ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။
၄၃ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
၄၄ တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊  ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။
၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဥာဏ်ကို ဖွင့်တော်မူလျှင်၊
၄၆ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။
၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။
၄၈ သင်တို့သည်လည်း ဤအကြောင်း အရာတို့၏ သက်သေဖြစ်ကြ၏။
၄၉ ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်ကတန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။
၅၀ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တ်ာကိုချီ၍ ကောင်းကြီးပေးတော်မူ၏။
၅၁ ထိုသို့ကောင်းကြီးပေးတော်မူစဉ်တွင် တပည့်တော်တို့နှင့်ခွာ၍ ကောင်း ကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
၅၂ တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ် ပြီးမှ အလွန်ဝမ်း မြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
၅၃ ဘုရားသခင်ကို အံ့သြချီးမွမ်း လျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။