၁ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း၊ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သောစကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာ နေတော်မူသနည်း၊၊
၂ အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော်သည် နားမထောင်ပါ၊၊ ညဥ့်အခါ အော်ဟစ် သော်လည်း သက်သာခြင်းသို့ မရောက်ပါ၊၊
၃ ကိုယ်တော်မူကား ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်း ရှိတော်မူ၏၊၊
၎ အကျွန်ုပ်တို့ ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏၊၊ ကိုးစားကြသည်တွင် ကိုယ်တော်သည် ကယ်တင်တော်မူ၏၊၊
၅ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ကြပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏၊၊
၆ အကျွန်ုပ်မူကား လူမဟုတ် ပိုးကောင်မျှသာ ဖြစ်ပါ၏၊၊ လူများကဲ့ရဲ့စရာ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏၊၊
၇ အကျွန်ုပ်ကို မြင်သမျှသော သူတို့သည် ပြက်ယယ်ပြုခြင်း ၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏၊၊
၈ သူသည် ထာဝရဘုရားကို ကိုးစားပြီ သူ့ကို နှုတ်တော်မူပါလေစေ၊၊ သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏၊၊
၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊
၁၀ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊
၁၁ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊
၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ်ကို ဝိုင်း၍ အားကြီးသော ဗာရှန် ဥသဘတို့သည် ဝန်းရံလျက်နေကြပါ၏၊၊
၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏၊
၁၄ အကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏၊၊ အကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ ဖြစ်၍ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏၊၊
၁၅ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏၊၊ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ၊၊
၁၆ ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊
၁၇ ကိုယ်အရိုးရှိ သမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏၊၊သူတို့သည် အကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏၊၊
၁၈ အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊၊
၁၉ အို ထာဝရဘုရား ၊ အကျွန်ုပ်နှင့် ဝေးဝေးနေ တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ ခွန်အားဗလ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊
၂၀ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွှတ်တော်မူပါ၊၊
၂၁ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကို ကယ်တင်၍ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ၊၊
၂၂ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြား ပြောပါမည်၊၊ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊
၂၃ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ချီးမွမ်းခြင်းကို ပြုကြလော့၊၊ ယာကုပ်အမျိုး အပေါင်းတို့ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြလော့၊၊ ဣသရေလ အမျိုးအပေါင်းတို့ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့၊၊
၂၄ အကြောင်းမူကား နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်၊၊ မျက်နှာတော်ကို မလွှဲ အော်ဟစ်သောအခါ နားထောင်တော်မူပြီ၊၊
၂၅ အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း ၍ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊
၂၆ နှိမ့်ချ လျက်ရှိသော သူတို့သည် ဝစွာ စားရကြလိမ့်မည်၊၊ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့ စိတ်နှလုံးသည် အစဉ်အမြဲ အားဖြည့်ရလိမ့်မည်၊၊
၂၇ မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍ထာဝရဘုရား ထံတော်သို့ ပြောင်းလဲကြလိမ့်မည်၊၊ လူအမျိုးအနွယ်အပေါင်း တို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်၊၊
၂၈ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏၊၊ လူမျိုးတို့ကို မင်းပြုတော်မူ၏၊၊
၂၉ မြေကြီးပေါ်မှာ ကြွယ်ဝသော သူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်၊၊ ကိုယ့်အသက်ကို မစောင့်နိုင်၊၊ မြေမှုန့်သို့ ဆင်းရသော သူအပေါင်း တို့သည်လည်း ရှေ့တော်၌ ညွတ်ပြပ်ဝပ်တွား ကြလိမ့်မည်၊၊
၃၀ သူတို့အမျိုး အနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် လူအစဉ်အဆက်တို့သည်ထာဝရဘုရား၏ သိတင်းတော်ကို ကြားရလိမ့်မည်၊၊
၃၁ ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍တရားသော အမှုတော်ကို ဘွားသော လူမျိုးအား ဘော်ပြရကြလိမ့်မည်။