၁ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
၂ အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ ရဲတိုက် ဖြစ်တော်မူပါ။
၃ အကယ်စင်စစ် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ ပြင် တော်မူပါ။
၎ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် အဘို့ဝှက်ထား သောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူ တော်မူပါ။
၅ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊
၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊
၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊
၈ အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊
၉ အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊
၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊
၁၂ မ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊
၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊
၁၄ သို့သော်လည်း ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏၊၊
၁၅ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင် ပိုင်တော်မူ၏၊၊ ရန်သူတို့နှင့် ညှင်းဆဲတတ်သောသူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၆ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ၊၊ ကရုဏာတော်ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူ ပါ၊၊
၁၇ အို ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍ ရှက်ကြောက်ခြင်း မရှိပါစေ နှင့်၊၊ လူဆိုးတို့မူကား အရှက်ကွဲလျက် မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာ နေကြပါစေသော၊၊
၁၈ မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့်တကွ၊ ဖြောင့်မတ်သော သူတဘက်၌ စော်ကားသော စကားကို ပြော၍ မုသာ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာ နေကြပါစေသော၊၊
၁၉ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍ လူသားတို့ ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏၊၊
၂၀ လူတို့ပြုတတ်သော ပရိ ယာယ် နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာအတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏၊၊
၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း၊၊ အကြောင်းမူကား၊ ခိုင်ခံ့သော မြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ၊၊
၂၂ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက် ဆိုမိသော်လည်း ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကို ကိုယ်တော်နားထောင်တော်မူသတည်း။
၂၃ ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့ ထာဝရဘုရားကိုချစ်ကြလော့၊၊ ထာဝရဘုရားသည် သစ္စာရှိ သောသူတို့ကို စောင့်မတော်မူ၏၊၊ မာနထောင်လွှား သူတို့ကိုကား၊ အပြစ်များစွာပေးဆပ် တော်မူသတည်း၊၊
၂၄ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သော စိတ်နှလုံးရှိကြလော့၊၊