Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၂၅

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက် နေပါ၏။
၂ အကျွန်ုပ် ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် ခိုလှုံသည် ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကို မခံပါစေနှင့်။
၃ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက် ကြောက်ခြင်းသို့ မရောက်ရ ကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ရောက်ရကြပါ၏။
၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊  အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊  ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊
၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊
၁၀ ထာဝရဘုရား၏ လမ်းခရီးရှိသမျှ တို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာတော်နှင့် သစ္စာ ဖြစ်ကြသတည်း၊၊
၁၁ အိုထာဝရဘုရား အကျွန်ုပ်၌အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေး တော်မူပါ၊၊
၁၂ အကြင်သူသည်ထာဝရဘုရားကို ကြောက်ရွံ့တတ်၏၊၊ ထိုသူအားနှစ်သက်ဘွယ်သောလမ်းကို ပြညွန် တော်မူမည်၊၊
၁၃ ထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ်၍ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေခံရ လိမ့်မည်၊၊
၁၄ ထာဝရဘုရားကို ကြောက်ရွံသောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏၊၊
၁၅ အကျွန်ုပ်သည် ထာဝရ ဘုရားကို အစဉ်မြော်လင့်လျက်နေပါ၏။ အကြောင်းမူကား အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူပါ၊၊
၁၆ အကျွန်ုပ်သည် တယောက်တည်းကျန် ကြွင်း၍ နှိမ့်ချခြင်းကိုခံရသောကြောင့် အကျွန်ုပ်ကိုမျက်နှာပြု၍ ကယ်မသနားတော်မူပါ၊၊
၁၇ အကျွန်ုပ်စိတ်နှလုံးဆင်းရဲ သည်ကို ချမ်းသာပေး၍ အမှုများထဲက ကယ်နှုတ်တော်မူပါ၊၊
၁၈ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု့၍ အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလွှတ်တော်မူပါ၊၊
၁၉ အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကိုပြင်းစွာမုန်း ထားကြောင်းကိုဆင်ခြင်တော်မူပါ၊၊
၂၀ အကျွန်ုပ်အသက်ကို စောင့်ရှောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။   အကျွနု်ပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်၊၊
၂၁ ကိုယ်တော်ကို မျှော်လင့်လျှက် နေပါသည် ဖြစ်၍အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကိုစောင့် ရှောက်ပါစေသော၊၊
၂၂ အိုဘုရားသခင် ဣသရေလအမျိုးကို ခပ်သိမ်းသောဒုက္ခ အထဲကရွေးနှုတ်တော်မူပါ၊၊