ဆာလံကျမ်း အခန်းကြီး ၅၉
၁ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကို သတ်ခြင်းငှါ အိမ်ကို စောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော ဆာလံ။ အိုအကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊ အကျွန်ုပ်ကိုရန်ဘက်ပြုသော သူတို့ ၏ အပေါ်မှာ အကျွန်ုပ်ကို မြှောက်တော်မူပါ၊၊
၂ ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွုန်ုပ်ကို နှုတ်ယူ၍ အသက်ကို သတ်လိုသော သူတို့လက်မှ ကယ်တင်တော်မူပါ၊၊
၃ သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို၍ ချောင်းကြည့်လျက် နေကြပါ၏၊၊ အားကြီးသောသူတို့သည် အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏၊၊ အို ထာဝရဘုရား အကျွန်ုပ်မှားယွင်း သောကြောင့် မဟုတ်ပါ၊၊ အကျွန်ုပ်အပြစ်ကြောင့်မဟုတ်ပါ၊၊
၎ အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏၊၊ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ၊၊
၅ ကြည့်ရှုတော်မူပါ၊၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ၊၊ ဒုစရိုက်၌ ကျင်လည်သော သူတစ်စုံတယောက်ကိုမျှ သနားတော်မမူပါနှင့်၊၊
၆ သူတို့သည် ညဦးယံ၌ ပြန်လာ၍ ခွေးဘာသာ အတိုင်းမြည်လျက် မြို့ကိုလှည့်ပတ် ကြပါစေသော၊၊
၇ ထိုသူတို့သည် စော်ကားသော စကားကိုပြော၍ သူတို့နှုတ်ခမ်းတွင်ထားပါလျက် အဘယ်သူကြားလိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏၊၊
၈ သို့ရာတွင် အိုထာဝရဘုရား ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ သာသနာပလူအပေါင်း တို့ကို ကဲ့ရဲ့တော်မူမည်၊၊
၉ အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
၁၀ ကရုဏာအရှင်ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်၊၊ ရန်သူတို့ကို အကျွန်ုပ် ကြည့်ရှု၍ အားရသော အခွင့်ရှိစေတော်မူမည်၊၊
၁၁ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်၊၊ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်၊၊ တန်ခိုးတော် အားဖြင့် အရပ်ရပ်ကွဲ ပြားစေ၍ နှိမ့်ချတော်မူပါ၊၊
၁၂ သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော၊၊ သူတို့ကျိန်ဆဲသောစကားနှင့် မုသာစကားကြောင့်
၁၃ အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ၊၊ အကုန်အစင် ပျောက်ပျက်စေတော်မူပါ၊၊ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြပါစေသော၊၊
၁၄ ညဦးယံ၌ ပြန်လာ၍ ခွေးဘာသာ အတိုင်းမြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော၊၊
၁၅ အစာကိုရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဥ့်လုံးနေကြ ပါစေသော၊၊
၁၆ အကျွန်ုပ် မူကား တန်ခိုးတော်ကို သီချင်းဆိုပါမည်၊၊ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊ အကြောင်းမူကား ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘေးလွတ်ရာဖြစ် တော်မူ၏၊၊
၁၇ အို အကျွန်ုပ်အစွမ်း သတ္တိကိုယ်တော်ကို သီချင်းဆိုပါမည်၊၊ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်၌ကရုဏာအရှင် ဘုရားသခင် ဖြစ်တော်မူ၏၊၊